နာမည်ကျော် ဗြိတန် အစီအစဉ်သူဟောင်းကြီးလည်း BBC ရဲ့ Match of the Day အစီအစဉ်မှာလည်း ပါဝင်တင်ဆက်ခဲ့ဖူးသူလည်းဖြစ်တဲ့ ဒက်စ် လိုင်နန်က မန်ချက်စတာ ယူနိုက်တက်အသင်းကို အခုလို ခက်ခဲ ရုန်းကန်နေရတဲ့ အခြေအနေတွေကနေ ကယ်တင်ပေးနိုင်မယ့်သူဟာ ယူနိုက်တက် ကစားသမားဟောင်း ဂယ်ရီ နဗီးလ်သာ ဖြစ်တယ်လို့ မှတ်ချက်ပြု ပြောဆိုလိုက်ပါတယ်။
ယူနိုက်တက်ဟာ ဒီရာသီ ပရီးမီးယားလိဂ်မှာ (၁၀)ပွဲအထိတောင် ရှုံးနိမ့်ထားခဲ့ရသလို အခု နည်းပြသစ် ရူဘင် အမော်ရင်လက်ထက်မှာလည်း အသင်းက ပရီးမီးယားလိဂ် အိမ်ကွင်း(၄)ပွဲအထိလည်း ရှုံးထားခဲ့ရပါသေးတယ်။ လိဂ်ဖလားကနေလည်း ထွက်ခွာထားခဲ့ရတဲ့ ယူနိုက်တက်ဟာ ပရီးမီးယားလိဂ်မှာပါ အဆင့်(၁၃)ထိ ရောက်နေပြီး ဥရောပဝင်ခွင့်နေရာနဲ့လည်း (၁၂)မှတ်ထိ ကွာဟနေရပါတယ်။
Photo Credit : Goal
ဘရိုက်တန်ကို အိမ်ကွင်းမှာ (1-3)နဲ့ ရှုံးခဲ့တဲ့ ပွဲအပြီးမှာလည်း နည်းပြအမော်ရင်က ဒေါသပုန်ထပြီး အဝတ်လဲခန်းထဲ ပေါက်ကွဲခဲ့သေးသလို အခုအသင်းက အသင်းသမိုင်းတစ်လျှောက် အဆိုးရွှားဆုံးအသင်းလို့ ပြောဆိုခဲ့ပါသေးတယ်။ ဒီလိုအခြေအနေမှာ ယူနိုက်တက်ကို ကယ်တင်နိုင်မယ့်သူက ဂယ်ရီ နဗီးလ်သာ ဖြစ်တယ်လို့ လိုင်နန်က ဆိုလိုက်ပါတယ်။
“ယူနိုက်တက်ကို သူတို့ရဲ့ အရင်လို ခမ်းနားတဲ့ အခြေအနေမျိုး ပြန်ရောက်အောင် ထိန်းကျောင်းပေးနိုင်တဲ့ တစ်ဦးတည်းသောသူက အသင်းခေါင်းဆောင်ဟောင်း ဂယ်ရီ နဗီးလ်သာ ဖြစ်တယ်လို့ လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကတည်းက ကျွန်တော် မှတ်ချက်ပြုခဲ့သေးတယ်။ ဒါပေမယ့် သူကတော့ ဘောလုံးနည်းပြ ပြန်လုပ်ဖို့ထက် Sky မှာ pundit လုပ်ဖို့နဲ့ စီးပွားရေး လုပ်ငန်းတွေမှာ ရင်းနှီးမြှပ်နှံဖို့ကိုပဲ ဦးစားပေးချင်နေပါတယ်။”
Photo Credit : Goal
“သူက ဒီအလုပ်မှာ အကောင်းဆုံး လူတစ်ဦး ဖြစ်နေဆဲပါပဲ။ သူရဲ့ သွေးကြောထဲမှာ မန်ချက်စတာ ယူနိုက်တက်သွေးတွေက စီးဆင်းနေပါတယ်။ ကလပ်အသင်းရဲ့ လက်ရှိအခြေအနေကြောင့်လည်း စိတ်ထိခိုက်နေရတယ်။ သူ့မှာ ကိုယ်ရည်ကိုယ်သွေးကောင်းတွေ ပိုင်ဆိုင်ထားပြီး အဝတ်လဲခန်းထဲမှာလည်း သူက ယုံကြည်မှုရှိရှိ ပြတ်သားစွာ ပြောဆိုနိုင် လုပ်ဆောင်နိုင်တယ်။ ကျွန်တော့်သဘောမှာတော့ နဗီးလ်က အကောင်းဆုံး ရွေးချယ်ရမယ့်သူထဲမှာ ရှိနေဆဲပါ။” လို့ လိုင်နန်က ပြောဆိုသွားခဲ့ပါတယ်။
ဒါပေမယ့် နဗီးလ်ဟာ ပထမဆုံး နည်းပြအလုပ်အဖြစ် လာလီဂါကလပ် ဗလင်စီယာအသင်းကို ကိုင်တွယ်ခဲ့စဉ်တုန်းက (၂၈)ပွဲ ကိုင်တွယ်ခဲ့ပြီးနောက် (၁၁)ပွဲအထိ ရှုံးနိမ့်ခဲ့ရင်း နည်းပြသက်တမ်း (၃)လအကြာမှာပဲ ရာထူးကနေ ထုတ်ပယ်ခံလိုက်ရပါတယ်။ နဗီးလ်လည်း အဲ့ဒီနောက်ပိုင်းကတည်းက နည်းပြအလုပ်ကို ပြန်လည် မလုပ်ကိုင်တော့ပဲ ရုပ်သံမှာ သုံးသပ်တင်ဆက် အလုပ်ကိုသာ တောက်လျှောက် လုပ်ကိုင်နေပါတယ်။