မန်ယူအသင်းရဲ့ ကစားသမားဟောင်း ဂယ်ရီ နဗီးလ်ကတော့ အင်္ဂလန်နိုင်ငံမှာ ကိုရိုနာ ဗိုင်းရပ် ရောဂါ ဖြစ်လာရင် ဘောလုံးပွဲကို ကွင်းပိတ်မကစားဘဲ ပွဲစဉ် ရပ်နားသင့်တယ်လို့ ပြောပါတယ်။ ကိုရိုနာ ဗိုင်းရပ် ရောဂါဟာ ပျံ့ပွားမှု မြန်ဆန်သထက် မြန်ဆန်လာတာကြောင့် အီတလီနိုင်ငံမှာ ဆိုရင် စီးရီးအေ ပွဲစဉ်တွေကို ကွင်းပိတ် မကစားဘဲ ဧပြီလ (၃) ရက်အထိ ရပ်နားထားပါတယ်။ အီတလီနိုင်ငံဟာ ဥရောပ နိုင်ငံတွေထဲမှာ ကိုရိုနာ ဗိုင်းရပ် ကူးစက်ခံရမှု အခံရဆုံး နိုင်ငံ ဖြစ်ပြီး ကူးစက်ခံရသူ ဦးရေက ထောင်ချီရှိနေသလို သေဆုံးသူ ဦးရေက ရာချီရှိနေကြပြီ ဖြစ်ပါတယ်။

Photo Credit: TheSun

ကိုရိုနာ ဗိုင်းရပ် ရောဂါဟာ အခုဆိုရင် အီတလီနိုင်ငံမှာတင် မဟုတ်တော့ဘဲ အခြား ဥရောပ နိုင်ငံတွေမှာ ဖြစ်လာနိုင်လို့ အစိုးရက ပွဲလမ်းသဘင်တွေကို ရပ်နားဖို့ သတိပေးနေပါတယ်။ အင်္ဂလန်နိုင်ငံဟာ လက်ရှိအချိန်အထိ ကိုရိုနာ ဗိုင်းရပ် ရောဂါ ဖြစ်ပွားတဲ့ အကြောင်းတွေကို မကြားရသေးပေမဲ့လည်း ဖြစ်လာခဲ့ရင် ဘယ်လို လုပ်သင့်လဲ ဆိုတာ စဉ်းစားလာကြပါတယ်။ ဘောလုံး ကစားသမားဟောင်း ဂယ်ရီ နဗီးလ်က အင်္ဂလန်နိုင်ငံမှာ ကိုရိုနာ ဗိုင်းရပ် ရောဂါ ဖြစ်ပွားလာပြီဆိုရင် ပွဲစဉ်တွေကို ရပ်နားသင့်ပါတယ်လို့ တွစ်တာမှာ ရေးသွားခဲ့ပါတယ်။

Photo Credit: THesun

တွစ်တာမှာ ဂယ်ရီ နဗီးလ်က “ဘောလုံး ပွဲစဉ်တွေ ကွင်းပိတ် ကစားတာကို ကျွန်တော်တော့ အားမပေးပါဘူး။ တကယ်လို့ ဘောလုံးကွင်းကို ပိတ်ရမယ် ဆိုရင် ဘောလုံးအဖွဲ့စည်းအနေနဲ့ ဘောလုံး ပွဲစဉ်တွေကို ရပ်နားသင့်ပါတယ်။ လုံခြုံတဲ့ အချိန်မှာ ပြိုင်ပွဲကို ကစားသင့်ပါတယ်။ ဝင်ငွေက ဆက်လက် ရပ်တည်ဖို့ လိုအပ်ပြီး ဝင်ငွေကို ကာကွယ်ရမှာပါ”လို့ ပြောသွားပါတယ်။ ဂယ်ရီ နဗီးလ်ရဲ့ အသင်းဟောင်း မန်ယူအသင်းဟာ လာမယ့် ကြာသပတေးနေ့ညမှာ LASK အသင်းနဲ့ ယူရိုပါလိဂ် (၁၆) သင်းအဆင့် ပထမ အကျော့ ပွဲစဉ်ကို အဝေးကွင်းမှာ ကစားရမှာ ဖြစ်ပြီး ကိုရိုနာ ဗိုင်းရပ် ရောဂါကြောင့် ပရိသတ် မပါဘဲ ကွင်းပိတ် ကစားသွားမှာ ဖြစ်ပါတယ်။