လက်ရှိမှာ ကျင်းပလျက်ရှိနေတဲ့ အာဖရိကနိုင်ငံဖလား ပြိုင်ပွဲအတွက် ကစားသမားတွေ စေလွှတ်ထားရမှု ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံထားရမှုအပြင် ဒဏ်ရာရ ကစားသမား အရေအတွက် များပြားနေမှုတွေကြောင့် ဒီတစ်ပတ်ရဲ့ Super Sunday ညမှာ ခါးသီးမြို့ခံ စပါးအသင်းနဲ့ ရင်ဆိုင်ရမယ့် မြောက်လန်ဒန်ဒါဘီပွဲစဉ်ကို ရွှေ့ဆိုင်းပေးဖို့ ပရီးမီးယားလိဂ် တာဝန်ရှိသူတွေကို တောင်းဆိုခဲ့တဲ့ အာဆင်နယ်အသင်းရဲ့ တောင်းဆိုမှုကို ဂယ်ရီနဖီးလ်က ဝေဖန်သွားခဲ့ပါတယ်။
Photo Credit : Football London
အာဆင်နယ်အသင်းဟာ သောမတ်စ်ပါတေး အယ်လ်နီနီ ပေပေနဲ့ အူဘာမီယန်းတို့လို ကစားသမားတွေကို အာဖရိကဖလားပြိုင်ပွဲ ဆင်နွဲနေတဲ့ သက်ဆိုင်ရာ နိုင်ငံတွေဆီကို စေလွှတ်ထားခဲ့ပြီး တိုမီယာစု တီယာနေး ဆာခါ စမစ်ရိုး ချမ်ဘာ စီဒရစ်တို့ကလည်း ဒဏ်ရာပြသာနာ အသီးသီးနဲ့ ရင်ဆိုင်နေရပါတယ်။ ဒါ့အပြင် ကွင်းလယ်လူ ချာကာက အနီကတ်ပြစ်ဒဏ် ထိထားခဲ့သလို နောက်ထပ် ကွင်းလယ်လူတစ်ဦးဖြစ်တဲ့ အိုဒီဂတ်မှာလည်း ကိုဗစ်ပိုး ကူးစက်ခံနေရတာကြောင့် အသင်းအတွင်း ကစားသမားအင်အား မလုံလောက် ဖြစ်နေရတဲ့အတွက် စပါးအသင်းနဲ့ ရင်ဆိုင်ရမယ့် မြောက်လန်ဒန်ဒါဘီပွဲကို ရွှေ့ဆိုင်းပေးဖို့ တောင်းဆိုလာရတာ ဖြစ်ပါတယ်။
Photo Credit : The Guardian
ဒါပေမယ့် မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ကစားသမားဟောင်း ဘောလုံးပွဲ သုံးသပ်တင်ဆက်သူ ဂယ်ရီနဖီးလ်ကတော့ အာဆင်နယ်အသင်းရဲ့ အခုလို ပွဲရွှေ့ပေးဖို့ တောင်းဆိုမှုကို လက်မခံခဲ့ပဲ ပြစ်တင်ဝေဖန်သွားခဲ့ပါတယ်။ နဖီးလ်က “ပရီးမီးယားလိဂ်မှာတင်မကပဲ EFL ပြိုင်ပွဲမှာ ပါဝင်ကစားနေရတဲ့ အသင်းတိုင်းက သူတို့အသင်းရဲ့ ပွဲစဉ်တွေအတိုင်း ကစားကို ကစားရမယ်ဆိုတာ ကျွန်တော် အရိုးသားဆုံး ယုံကြည်လို့ထားပါတယ်။ ဘာလိုဂန်က အငှားနဲ့ ထွက်သွားတာ။ မီလန်နိုင်းစ်က အငှားနဲ့ ထွက်ခွာသွားတာ။ ချာကာ အနီကတ်ပြသခံရတာ။ ဒါတွေအားလုံးက တခြားသူတွေရဲ့ အပြစ်မှ မဟုတ်တာ။ ငါတို့ရဲ့ ပွဲစဉ်တွေကို ဖျက်ပေးလို့ မရနိုင်ဘူး” လို့ ပြောဆိုသွားခဲ့ပြီး ထိပ်တန်းကလပ်အသင်းတွေက ပြည့်ကျပ်လို့နေတဲ့ ပွဲစဉ်တွေကို ရှောင်တိမ်းဖို့အတွက်နဲ့ သူတို့ အနိုင်မရနိုင်လောက်ဘူးလို့ ထင်နေရတဲ့ ပွဲစဉ်တွေကို ရွှေ့ဆိုင်းပေးဖို့အတွက် ကိုဗစ်ပိုး ကူးစက်မှုကို အကြောင်းပြချက်အဖြစ် အသုံးချနေတယ်လို့ပါ စွပ်စွဲပြောဆိုသွားခဲ့ပါတယ်။ နဖီးလ်က သူဟာ အာဆင်နယ်အသင်း တစ်သင်းတည်းကိုသာ ဝေဖန်ပြောဆိုနေတာ မဟုတ်ပေမယ့် အာဆင်နယ်ရဲ့ လန်ဒန်ဒါဘီပွဲမတိုင်ခင် ဒီပွဲကို ရွှေ့ဆိုင်းပေးဖို့ တောင်းဆိုထားမှုကိုတော့ ပယ်ချသင့်ကြောင်း အခြား ကလပ်အသင်းတွေလည်း ဒီလို အခြေအနေမျိုးနဲ့ပဲ ဆက်လက်ဖြတ်သန်းနေရတာကြောင့် ကစားဖို့ သတ်မှတ်ထားတဲ့ ပွဲတွေကို ဆင်နွဲသွားသင့်ကြောင်း မှတ်ချက်ပြု ပြောဆိုသွားခဲ့ပါတယ်။