MySport Myanmar

ချယ်လ်ဆီးကို မပြောင်းရရင် အသင်းနဲ့ မပူးပေါင်းဘူးလို့ မန်ယူထံ ဂါနာချို သတိပေး

မန်ချက်စတာ ယူနိုက်တက်ရဲ့ အာဂျင်တီးနားတောင်ပံကစားသမား အလက်ဟန်ဒရို ဂါနာချိုဟာ ချယ်လ်ဆီးအသင်းဆီ ပြောင်းရွှေ့ခွင့်ရဖို့အတွက် အသင်းကို အပြင်းအထန် ဖိအားပေးတဲ့ အဆုံးစွန်သတိပေးချက်တစ်ခု ထုတ်ပြန်လိုက်ကြောင်း သတင်းတွေ ထွက်ပေါ်လာပါတယ်။ အသက်(၂၁)နှစ်အရွယ် ကစားသမားဟာ သူ့ရဲ့အနာဂတ်က မန်ချက်စတာမှာ မရှိတော့ကြောင်း ရှင်းလင်းစွာ အသိပေးခဲ့ပြီး စတမ်းဖို့ဒ်ဘရစ်ချ်ဟာ သူ့ရဲ့နောက်ထပ်ဦးတည်ရာ ဖြစ်လာခဲ့ပါတယ်။

တစ်ချိန်က ယူနိုက်တက်ရဲ့ အတောက်ပဆုံး တိုက်စစ်ကြယ်ပွင့်လေးအဖြစ် သတ်မှတ်ခံခဲ့ရတဲ့ ဂါနာချိုအတွက်တော့ ဒါဟာ သိသိသာသာ ကျဆင်းသွားတဲ့ အခြေအနေတစ်ခု ဖြစ်လာခဲ့ပါတယ်။ အဓိကအလှည့်အပြောင်းကတော့ ပြီးခဲ့တဲ့ မေလက ကစားခဲ့တဲ့ ယူရိုပါလိဂ် ဗိုလ်လုပွဲမှာ အရန်ခုံမှာ ထိုင်ခဲ့ရတာကို မကျေနပ်ခဲ့တဲ့ ဂါနာချိုကို နည်းပြရူဘင် အာမိုရင်က “အသင်းသစ်သာရှာတော့”လို့ ပြတ်ပြတ်သားသား ပြောကြားခဲ့ရာကနေ စတင်ခဲ့တာပါ။ အဲ့ဒီအချိန်ကတည်းက အာဂျင်တီးနားတောင်ပံကစားသမားဟာ အသင်းကနေ ထွက်ခွာဖို့ ကြိုးစားနေခဲ့ပြီး အခုအခါမှာတော့ ချယ်လ်ဆီးအသင်းက သူ့ကို လက်ကမ်းကြိုဆိုဖို့ အသင့်ဖြစ်နေပြီလို့ The Daily Mail သတင်းက ဖော်ပြခဲ့ပါတယ်။

Photo Credit : talkSPORT

ချယ်လ်ဆီးအသင်းဟာ ဂါနာချိုနဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီမှု ရရှိထားပြီးဖြစ်လို့ အသင်းနှစ်သင်းကြား ပြောင်းရွှေ့ကြေး ညှိနှိုင်းမှုသာ ကျန်ရှိတော့ပါတယ်။ ချယ်လ်ဆီးဟာ ကစားသမားရဲ့ စိတ်နေစိတ်ထားနဲ့ ပတ်သက်တဲ့ စိုးရိမ်မှုတွေကိုလည်း ဘေးဖယ်ထားပြီး ယူနိုက်တက်နဲ့ အပြောင်းအရွှေ့ကို အမြန်ဆုံး အပြီးသတ်ဖို့သာ အာရုံစိုက်နေပါတယ်။ ယူနိုက်တက်ဘက်ကလည်း ကစားသမားအတွက် ကနဦးတန်ဖိုး ပေါင်သန်း(၇၀) သတ်မှတ်ထားရာကနေ အပြောင်းအရွှေ့ဖြစ်မြောက်ဖို့အတွက် ပေါင်သန်း(၅၀)အထိ ဈေးနှုန်းလျှော့ချပေးခဲ့ပါတယ်။ အပြောင်းအရွှေ့ကာလ မပိတ်သိမ်းမီ အချိန်မီ အပြီးသတ်နိုင်ဖို့ အသင်းနှစ်သင်းကြား ဆွေးနွေးမှုတွေကလည်း အရှိန်မြင့်လာနေပါတယ်။

ထိပ်တန်းအပြောင်းအရွှေ့သတင်းထောက် ဖာဘရီဇီယို ရိုမာနိုရဲ့ အဆိုအရ ဂါနာချိုက ယူနိုက်တက်ကို “ချယ်လ်ဆီးဆီ ပြောင်းခွင့်ပေးပါ၊ မပေးရင်တော့ လာမယ့် (၆)လကနေ (၁)နှစ်အထိ အသင်းအတွက် ဘောလုံးမကစားပေးဘဲ နေမယ်” ဆိုတဲ့ ပြတ်သားတဲ့ သတင်းစကား ပါးလိုက်တယ်လို့ သိရပါတယ်။ ဒီလို ခြိမ်းခြောက်မှုကြောင့် ယူနိုက်တက်အသင်းတာဝန်ရှိသူတွေဟာ အရည်အချင်းရှိပေမယ့် စိတ်ပျက်နေတဲ့ ကစားသမားတစ်ဦးကို လစာအပြည့်ပေးပြီး အလဟဿဖြစ်စေမယ့် အခြေအနေနဲ့ ရင်ဆိုင်နေရပါတယ်။

Photo Credit : FourFourTwo

မန်ယူနိုက်တက်အသင်းမှာ ဂါနာချိုရဲ့ မှတ်တမ်းကလည်း လျှော့တွက်လို့မရပါဘူး။ အသင်းကြီးအတွက် စတင်ကစားပေးခဲ့ချိန်ကစပြီး သူဟာ စုစုပေါင်း (၁၄၄)ပွဲမှာ (၂၆)ဂိုး သွင်းယူကာ ဂိုးဖန်တီးမှု (၂၂)ကြိမ် ပြုလုပ်ထားပါတယ်။ ပြီးခဲ့တဲ့ ဘောလုံးရာသီတွေတုန်းက အက်ဖ်အေဖလားနဲ့ ကာရာဘောင်းလိဂ်ဖလားတို့ကိုလည်း ဆွတ်ခူးထားပါတယ်။

အသက်(၂၁)နှစ်သာရှိသေးတာကြောင့် ဂါနာချိုရဲ့ အကောင်းဆုံးအချိန်တွေက ရှေ့မှာ ရှိနေဆဲဖြစ်ပြီး ချယ်လ်ဆီးနည်းပြအန်ဇို မာရက်စကာရဲ့ လက်အောက်မှာ ပရီးမီးယားလိဂ်ရဲ့ စူပါစတားတစ်ဦးအဖြစ် ပွင့်လန်းလာနိုင်ပါတယ်။ ချယ်လ်ဆီးရဲ့ လူငယ်နဲ့ အလားအလာရှိတဲ့ ကစားသမားတွေကို ပစ်မှတ်ထားတဲ့ မူဝါဒနဲ့လည်း ဒီအပြောင်းအရွှေ့က ကိုက်ညီနေပါတယ်။ ဂါနာချိုရဲ့ ပြင်းပြတဲ့ဆန္ဒကြောင့် အခုဆိုရင် ယူနိုက်တက်ကို ကျေနပ်စေမယ့် ပြောင်းရွှေ့ကြေးတစ်ခုတည်းသာ အဓိကကျန်ရှိတော့တာ ဖြစ်ပါတယ်။

Exit mobile version