MySport Myanmar

ဂါနာချိုရဲ့ တန်ကြေးကို ပေါင်သန်း(၄၀)အထိ လျှော့ချရဖွယ် ရှိနေ

မန်ချက်စတာ ယူနိုက်တက်အသင်းဟာ သူတို့ရဲ့ အာဂျင်တီးနား တောင်ပံကစားသမားလေး အလက်ဟန်ဒရို ဂါနာချိုအတွက် သတ်မှတ်ထားတဲ့ ပေါင် သန်း ၇၀ တန်ကြေးကို လျှော့ချရဖွယ်ရှိနေပြီး ကစားသမားကိုယ်တိုင်ကလည်း ပရီးမီးယားလိဂ် ပြိုင်ဘက်အသင်းတစ်သင်းဆီ ပြောင်းရွှေ့ဖို့ ဆန္ဒရှိနေကြောင်း သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။

GiveMeSport ရဲ့ ဖော်ပြချက်အရ ဂါနာချိုဟာ ပြည်ပကလပ်တွေထက် အင်္ဂလန် ပရီးမီးယားလိဂ်မှာပဲ ဆက်ကစားချင်ပြီး သူ့ကိုယ်သူ သက်သေပြဖို့ကို ဦးစားပေးနေတယ်လို့ သိရပါတယ်။ ဒါဟာ နည်းပြ ရူဘင် အမိုရင်နဲ့ အဆင်မပြေဖြစ်ပြီးနောက်ပိုင်း ထွက်ပေါ်လာတဲ့ ဆုံးဖြတ်ချက် ဖြစ်ပါတယ်။ ယူနိုက်တက်အသင်းကလည်း အသက် ၂၀ အရွယ် ဒီကစားသမားကို အမြန်ဆုံး ရောင်းထုတ်လိုနေတဲ့အတွက် ပြောင်းရွှေ့ကြေးကို မူလတောင်းဆိုထားတဲ့ ပေါင် သန်း ၇၀ ကနေ ပေါင် သန်း ၄၀ ဝန်းကျင်အထိ လျှော့ချပြီး အပြောင်းအရွှေ့ကို အဆင်ပြေချောမွေ့အောင် လုပ်ဆောင်သွားဖွယ် ရှိနေပါတယ်။

Photo Credit : SportsTiger

ဂါနာချိုကို ချယ်လ်ဆီးနဲ့ အက်စတွန် ဗီလာတို့လို ပရီးမီးယားလိဂ်ကလပ်တွေက စိတ်ဝင်စားနေတယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ဖူးပါတယ်။ တကယ်လို့သာ သူ့ကို ယူနိုက်တက်က တရားဝင် ရောင်းချဖို့ စာရင်းတင်လိုက်မယ်ဆိုရင် ဝယ်ယူဖို့ တန်းစီစောင့်နေမယ့် ကလပ်တွေ အများအပြား ရှိနေနိုင်ပါတယ်။ ပရီးမီးယားလိဂ် ပြင်ပကနေဆိုရင်တော့ နာပိုလီအသင်းနဲ့ အဲရစ်တန်ဟက်ဂ်ရဲ့ လေဗာကူဆင်အသင်းတို့ကလည်း စိတ်ဝင်စားနေကြတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့လက စပါးအသင်းကို ရှုံးနိမ့်ခဲ့တဲ့ ယူရိုပါလိဂ် ဗိုလ်လုပွဲမှာ သူ့ကို လူစားဝင် ကစားသမားအဖြစ် နောက်ကျမှ ထည့်သွင်းခဲ့တဲ့အတွက် နည်းပြ အမိုရင်ကို ဂါနာချိုက လူသိရှင်ကြား ဝေဖန်ပြောဆိုခဲ့ပြီးနောက်ပိုင်း သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးဟာ အဖုအထစ်တွေ ဖြစ်ခဲ့ရပါတယ်။ ဒီအဖြစ်အပျက်ကြောင့်ပဲ ဂါနာချိုတစ်ယောက် အိုးထရက်ဖို့ဒ်ကနေ ထွက်ခွာရတော့မယ်လို့ လူအများအပြားက သေချာပေါက် ယူဆနေကြတာပါ။

Photo Credit : Goal

ဂါနာချိုဟာ အက်သလက်တီကို မက်ဒရစ်အသင်းကနေ အသက် ၁၆ နှစ်အရွယ်မှာ ယူနိုက်တက်ကို ရောက်ရှိလာခဲ့ပြီး ပထမအသင်းကြီးမှာ အချိန်တိုအတွင်း နေရာရခဲ့သူ ဖြစ်ပါတယ်။ အသက် ၁၈ နှစ်အရွယ်မှာပဲ အဲရစ်တန်ဟက်ဂ် လက်အောက်က ယူနိုက်တက်အတွက် အရေးကြီးတဲ့ သွင်းဂိုးတွေ သွင်းယူပေးနိုင်ခဲ့ပြီး ၂၀၂၃ မှာတော့ အသင်းရဲ့ အဓိက ကစားသမားတစ်ဦး ဖြစ်လာခဲ့ပါတယ်။

ဒါပေမဲ့ နည်းပြသစ် အမိုရင် လက်ထက်မှာတော့ သူ့ရဲ့ကစားသမားဘဝဟာ အဆိုးဘက်ကို ချက်ချင်း ပြောင်းလဲသွားခဲ့ပြီး နည်းပြက သူ့အစား အာမက် ဒီယာလိုနဲ့ မေဆန်မောင့်တို့လို ကစားသမားတွေကို ပိုမိုဦးစားပေး အသုံးပြုလာခဲ့ပါတယ်။ ကလပ်အသင်းနဲ့ ကစားသမား နှစ်ဖက်စလုံးကတော့ ဒီကိစ္စကို အမြန်ဆုံး ဖြေရှင်းနိုင်ဖို့ မျှော်လင့်နေကြပါတယ်။ ဂါနာချိုကိုယ်တိုင်ကလည်း သူ့ရဲ့အနာဂတ် ဘယ်ကလပ်ဖြစ်မလဲဆိုတာကို အမြန်ဆုံး သိရှိချင်နေပြီး လာမယ့်လမှာ ရာသီကြို လေ့ကျင့်ရေးအစီအစဉ်တွေ စတင်နိုင်ဖို့ ပစ်မှတ်ထားနေပါတယ်။

Exit mobile version