ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ရဲ့ လူငယ်ကြယ်ပွင့် ဂါနာချိုက ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက် ၃-၂ ဗီလာ ပွဲစဉ်မှာ အသင်းအတွက် သွင်းဂိုး ၂ဂိုး သွင်းယူပေးနိုင်ခဲ့သလို သူ့ရဲ့ အသင်းက ၂ဂိုးပြတ် ရှုံးနိမ့်နေရာ ကနေ ပြန်နိုင်ခဲ့ပြီးနောက် ယူနိုက်တက်ဟာ ဘယ်တော့မှ အရှုံးမပေးတဲ့ အသင်းလို့ ကြွေးကြော်သွားခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက်က ပရီးမီးယားလိဂ် ပွဲစဉ်(၁၉) အဖြစ် လတ်တလောမှာ ရလဒ်ကောင်းတွေ တောက်လျှောက် ရထားတဲ့ ဗီလာကို အိမ်ကွင်း အိုးထရက်ဖို့ဒ်မှာ ဧည့်ခံ ကစားခဲ့ပြီး အဆိုပါပွဲမှာ ဂါနာချိုက ရက်ဖို့ဒ် ၊ ဟွိုက်လန်းတို့နဲ့ တွဲဖက်ကာ ယူနိုက်တက်ရဲ့ တိုက်စစ်ကို ဦးဆောင် ကစားခွင့် ရခဲ့ပါတယ်။

Photo Credit: Sporting News

မန်ချက်စတာ ယူနိုက်တက်နဲ့ ဗီလာတို့က ပွဲစတာနဲ့ အနိုင်ရလဒ် ရရှိရေး အတွက် တိုက်စစ်ဖွင့် ကစားခဲ့တာကြောင့် ပွဲက အကြိတ်အနယ် ရှိခဲ့ပေမယ့် ပွဲချိန် ၂၁မိနစ်နဲ့ ၂၆မိနစ်တွေမှာ ဗီလာက အလွတ် တည်ကန်ဘောတွေ ကနေ တဆင့် မန်ချက်စတာ ယူနိုက်တက်ဘက်ကို ဦးဆောင်ဂိုးတွေ သွင်းယူနိုင်ခဲ့ပါတယ်။

၀-၂ ဆိုတဲ့ ရလဒ် ဖြစ်သွားပြီးနောက် အိမ်ရှင် မန်ချက်စတာ ယူနိုက်တက်က ချေပဂိုးနဲ့ အနိုင်ဂိုးတွေ ပြန်ရဖို့ တရစပ် တိုက်စစ်ဆင် ကစားခဲ့ပြီး ပွဲချိန် ၅၉မိနစ်နဲ့ ၇၁မိနစ်တွေမှာ ဂါနာချိုက ယူနိုက်တက် အတွက် ချေပဂိုးတွေ သွင်းယူပေးခဲ့သလို ပွဲချိန် ၈၂မိနစ်မှာ ဟွိုက်လန်းက ယူနိုက်တက် အတွက် အနိုင်ဂိုးကို သွင်းယူပေးခဲ့တာကြောင့် အိမ်ရှင် ယူနိုက်တက်တို့ ဘောက်ဆင်ဒေးပွဲမှာ အံ့မခန်းနိုင်ပွဲကို ပိုင်ဆိုင်နိုင်ခဲ့ပါတယ်။

Photo Credit: Tribuna

မန်ချက်စတာ ယူနိုက်တက် ၃-၂ ဗီလာ ပွဲအပြီးမှာတော့ ယူနိုက်တက် အတွက် အရေးပါတဲ့ ချေပဂိုး ၂ဂိုးကို သွင်းယူပေးခဲ့တဲ့ ဂါနာချိုက မန်ချက်စတာ ယူနိုက်တက်ဟာ ဘယ်တော့မှ အရှုံးမပေးတဲ့ အသင်းမျိုး ဖြစ်ကြောင်း ထုတ်ဖော် ပြောဆိုသွားခဲ့ပါတယ်။

ဂါနာချိုက – “ကျွန်တော်တို့ဟာ မန်ချက်စတာ ယူနိုက်တက်ပါ။ ကျွန်တော်တို့က ဘယ်တော့မှ အရှုံးပေးတတ်တဲ့ အသင်းမျိုး မဟုတ်ပါဘူး။ ကျွန်တော်က ရက်စ်မက်စ် (ဟွိုက်လန်း) အတွက် ပျော်ပါတယ်။ လူတွေက မန်ချက်စတာ ယူနိုက်တက်ရဲ့ တိုက်စစ်မှူးတွေ ဘာဖြစ်တယ် ၊ ညာဖြစ်တယ် ဆိုပြီး ဝေဖန်ခဲ့ကြပါတယ်။ ဒီနေ့မှာ ရက်ဖို့ဒ်က ဂိုးဖန်တီးမှု ၁ကြိမ် လုပ်ခဲ့သလို ဟွိုက်လန်းကလည်း သွင်းဂိုး ၁ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။ ကျွန်တော်က အားလုံးအတွက် ပျော်နေပါတယ်” ဆိုပြီး ဖွင့်ဟ ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။