ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်နဲ့အတူ တောက်ပနေတဲ့ အာဂျင်တီးနား လူငယ်ကြယ်ပွင့် ဂါနာချိုက သူ့ရဲ့ အိုင်ဒေါလ် ခရစ္စတီယာနို ရိုနယ်ဒိုလိုမျိုး တချိန်မှာ မန်ချက်စတာ ယူနိုက်တက် ကနေ ရီးရဲလ်မက်ဒရစ်ဆီ ပြောင်းရွှေ့ ကစားဖို့ စိတ်ကူးရှိကြောင်း အာဂျင်တီးနား အခြေစိုက် သတင်းရင်းမြစ်တွေက ဖော်ပြလာကြပါတယ်။

အသက် ၁၉နှစ် အရွယ်သာ ရှိသေးတဲ့ အာဂျင်တီးနား လက်ရွေးစင် လူငယ် တောင်ပံတိုက်စစ် ကစားသမား ဂါနာချိုက မန်ချက်စတာ ယူနိုက်တက်ရဲ့ လူငယ်အကယ်ဒမီ ကနေ ထွက်ပေါ်လာတဲ့ ကစားသမား ဖြစ်ပြီး သူက နည်းပြချုပ် တန်ဟက်ဂ်ရဲ့ စင်တင်ပေးမှုနဲ့အတူ ခြေစွမ်းကောင်းတွေ ဆက်တိုက် ပြသထားနိုင်ပါတယ်။

Photo Credit: Goal

ဂါနာချိုက ယခုနှစ် ဘောလုံးရာသီမှာ မန်ချက်စတာ ယူနိုက်တက် အတွက် ပြိုင်ပွဲစုံမှာ ၃၈ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၇ဂိုး သွင်းယူထားနိုင်ကာ ဂိုးဖန်တီးမှု ၄ကြိမ် ရရှိထားပြီး သူ့ရဲ့ ခြေစွမ်းကောင်းတွေကြောင့်ပဲ မန်ချက်စတာ ယူနိုက်တက်ဟာ အက်ဖ်အေဖလားပြိုင်ပွဲရဲ့ ဆီမီးဖိုင်နယ်ဆီ တက်လှမ်းနိုင်ခဲ့တာလို့ ပြောရင် မှားမယ် မထင်ပါဘူး။

ဂါနာချိုက မြန်နှုန်းမြင့် တောင်ပံတိုက်စစ် ကစားသမား ဖြစ်သလို ပြိုင်ဘက် ကစားသမားတွေကို အကြောက်အလန့် မရှိပဲ ကျော်ဖြတ် ကစားတတ်တာကြောင့် ယူနိုက်တက်ပရိသတ်တွေရဲ့ အချစ်တော် ကစားသမား စာရင်းထဲမှာ ပါဝင်နေပြီး ပရိသတ်အများစုက ဂါနာချိုဟာ ရိုနယ်ဒိုလိုမျိုး ယူနိုက်တက်မှာ အောင်မြင်မှုတွေ ရရှိလိမ့်မယ်လို့ ယုံကြည်နေကြပါတယ်။

Photo Credit: Football 365

နာမည်ကြီး အာဂျင်တီးနား သတင်းထောက် ဂတ်စ်တွန် အက်ဒူးလ်ရဲ့ ဖော်ပြချက်အရ ဂါနာချိုက ခရစ္စတီယာနို ရိုနယ်ဒိုကို သူ့ရဲ့ အိုင်ဒေါလ် အဖြစ် သတ်မှတ်ထားသလို ရိုနယ်ဒို လုပ်ခဲ့သလိုမျိုး မန်ချက်စတာ ယူနိုက်တက် ကနေ ရီးရဲလ်မက်ဒရစ်ဆီ ပြောင်းရွှေ့ဖို့ စိတ်ဝင်စားနေပြီး ဂါနာချိုဟာ လာမယ့် ၁နှစ် ၊ ၂နှစ် အတွင်း ရီးရဲလ်မက်ဒရစ်ရဲ့ ကစားသမား ဖြစ်လာနိုင်ကြောင်း သိရှိရပါတယ်။

တဖက်မှာလည်း စပိန်အခြေစိုက် သတင်းရင်းမြစ်တွေက ရီးရဲလ်မက်ဒရစ် ဥက္ကဌ ပီရက်ဇ်ဟာ ဂါနာချိုရဲ့ ခြေစွမ်းကို သဘောကျတာကြောင့် သူကိုယ်တိုင် ဂါနာချိုနဲ့ တွေ့ဆုံ ဆွေးနွေးဖို့ စီစဉ်နေတယ် ဆိုတဲ့ သတင်းတွေကို ဖော်ပြနေကြတာကြောင့် ဂါနာချိုကို ရီးရဲလ်မက်ဒရစ်မှာ မြင်တွေ့ရမယ့် အလားအလာတွေ ရှိနေပါတယ်။