ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ရဲ့ လူငယ်ကြယ်ပွင့် တဦး ဖြစ်သူ ဂါနာချိုက ယမန်နေ့ညမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ လိဒ်ယူနိုက်တက် ၀-၂ မန်ချက်စတာ ယူနိုက်တက် ပွဲစဉ်မှာ လူစားဝင် ကစားသမား အဖြစ် ဝင်ရောက် ကစားရင်း အသင်းအတွက် အနိုင်သေချာစေမယ့် သွင်းဂိုးကို သွင်းယူပေးနိုင်ခဲ့ပြီးနောက် မန်ယူနဲ့ လိဒ်တို့ရဲ့ နှင်းဆီဒါဘီမှာ အသက်အငယ်ဆုံး ဂိုးသွင်းနိုင်တဲ့ ကစားသမား အဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရပါတယ်။

မန်ချက်စတာ ယူနိုက်တက်နဲ့ လိဒ်ယူနိုက်တက်တို့ ထိပ်တိုက် တွေ့ဆုံတဲ့ ပွဲတွေကို နှင်းဆီဒါဘီလို့ လူသိများပြီး နှင်းဆီဒါဘီက အင်္ဂလန်နိုင်ငံရဲ့ ပြိုင်ဆိုင်မှု အပြင်းထန်ဆုံး ဒါဘီပွဲ ၁၀ပွဲထဲမှာ ပါဝင်ကာ သမိုင်းအစဉ်အလာ အရ နှင်းဆီဒါဘီက မန်ချက်စတာဒါဘီထက်တောင် ပိုပြီး အကြိတ်အနယ် ရှိပါသေးတယ်။

Photo Credit: Euro Sports

ဒါကြောင့်ပဲ ယမန်နေ့ညမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ လိဒ်ယူနိုက်တက်နဲ့ မန်ချက်စတာ ယူနိုက်တက်တို့ ပွဲစဉ်မှာ နှစ်သင်းစလုံးရဲ့ ကစားသမားတွေရော ၊ ပရိသတ်တွေကပါ တပွဲလုံး အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ကြပြီး မန်ချက်စတာ ယူနိုက်တက်နည်းပြ အဲရစ် တန်ဟက်ဂ်ရဲ့ မှန်ကန်တဲ့ လူစားလဲမှု ၊ မှန်ကန်တဲ့ ကစားကွက် အပြောင်းအလဲတို့ကြောင့်သာ မန်ချက်စတာ ယူနိုက်တက်က နောက်ကျအနိုင်ဂိုးတွေနဲ့ လိဒ်ယူနိုက်တက်ကို အနိုင်ရခဲ့တာပါ။

လိဒ်ယူနိုက်တက် ၀-၂ မန်ချက်စတာ ယူနိုက်တက် ပွဲစဉ်မှာ ယူနိုက်တက် အတွက် သွင်းဂိုးတွေကို ပွဲချိန် ၈၀မိနစ်မှာ အဓိက တိုက်စစ်မှူး မားကပ် ရက်ဖို့ဒ်နဲ့ ပွဲချိန် ၈၅မိနစ်တို့မှာ လူစားဝင် လူငယ် ကစားသမားလေး ဂါနာချိုတို့က အသီးသီး သွင်းယူပေးခဲ့တာပဲ ဖြစ်ပါတယ်။

Photo Credit: Euro Sports

ယူနိုက်တက်ရဲ့ ဒုတိယ အနိုင်ဂိုးပိုင်ရှင် ဂါနာချိုက လိဒ်ယူနိုက်တက်ဘက်ကို ဂိုးသွင်းယူချိန်မှာ အသက် ၁၈နှစ်နဲ့ ၁၉၇ရက်သာ ရှိသေးတာကြောင့် မန်ချက်စတာ ယူနိုက်တက်နဲ့ လိဒ်ယူနိုက်တက်တို့ရဲ့ နှင်းဆီဒါဘီ သမိုင်းတလျှောက် အသက်အငယ်ဆုံး ဂိုးသွင်းနိုင်တဲ့ ကစားသမား အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

ဒါ့အပြင် ဂါနာချိုက ယခုနှစ် ပရီးမီးယားလိဂ် ဘောလုံးရာသီမှာ လူစားဝင် ကစားသမား အဖြစ် ဝင်ရောက် ကစားရင်း အသင်းအတွက် စုစုပေါင်း ဂိုးပါဝင်ပတ်သတ်မှု ၄ကြိမ် အထိ ပြုလုပ်နိုင်ခဲ့တာကြောင့် ပရီးမီးယားလိဂ်ရဲ့ ဒီရာသီ အကောင်းဆုံး လူစားဝင် ကစားသမား အဖြစ်လည်း ရပ်တည်နေနိုင်ပါသေးတယ်။