ဂွတ်ဒီဆင်ပတ်ခ်ကွင်းမှာ အိမ်ရှင် အဲဗာတန်အသင်းကို (၃)ဂိုးပြတ်နဲ့ အနိုင်ရခဲ့တဲ့ ပွဲစဉ်အတွင်း မန်ချက်စတာ ယူနိုက်တက်အသင်းအတွက် အဖွင့်ဂိုးကို အလွန်လှပလွန်းတဲ့ bicycle ကန်ချက်နဲ့ သွင်းယူခဲ့သူ ဂါနာချိုက ဒီဂိုးဟာ သွင်းခဲ့သမျှ ဂိုးတွေထဲကမှ မယုံကြည်နိုင်စရာ အလှဆုံးဂိုးတစ်ဂိုးလို့ သတ်မှတ်သွားခဲ့ပါတယ်။

ဒီရာသီထဲမှာ လိဂ်သွင်းဂိုးတစ်ဂိုးမှ မသွင်းယူနိုင်သေးပဲ ပြီးခဲ့တဲ့ နိုင်ငံတကာ ရက်သတ္တပတ်မှာ အာဂျင်တီးနားအတွက်လည်း ရွေးချယ်မခံခဲ့ရတဲ့ တောင်ပံကစားသမားလေး ဂါနာချိုက အခုတော့ အလှပဆုံးသော သွင်းဂိုးနဲ့ ဂိုးပေါက်ပျောက်နေမှုကို အဆုံးသတ်နိုင်ခဲ့ပါတယ်။

Photo Credit : beIN SPORTS

အသက် (၁၉)နှစ်အရွယ် အာဂျင်တီးနားသားလေး ဂါနာချိုဟာ သူရဲ့ ယူနိုက်တက် စီနီယာ ကစားသမားကြီး ဝိန်း ရွန်နီ မန်စီးတီးအသင်းဘက်ဆီ သွင်းယူခဲ့တဲ့ သွင်းဂိုးပုံစံမျိုးလို သွင်းယူနိုင်ခဲ့တာဖြစ်ပြီး ဂိုးသွင်းပြီးချိန်မှာလည်း သူရဲ့ idol ရော်နယ်လ်ဒိုလို အောင်ပွဲခံသွားခဲ့ပါသေးတယ်။

“ရိုးရိုးသားသား ပြောရရင် ဒီလို ဂိုးမျိုး သွင်းယူခဲ့တယ် ဆိုတာကို မယုံနိုင်ပါဘူး။ ကျွန်တော် ဘယ်လို ဂိုးသွင်းယူခဲ့လဲ ဆိုတာကိုလည်း ကျွန်တော် မမြင်တွေ့ခဲ့ရဘူး။ ပရိသတ်တွေဆီကနေ အော်သံကြားလိုက်မိမှပဲ ဂိုးဝင်တယ်ဆိုတာ သိလိုက်ရတာ။”

Photo Credit : Sky Sports

“အဲ့ဒီအချိန် ကျွန်တော်ကတော့ Oh my god လို့ တနေမိလိုက်တယ်။ ဒီဂိုးက ကျွန်တော် သွင်းယူခဲ့တဲ့ သွင်းဂိုးတွေထဲမှာ အကောင်းဆုံး နဲ့ အလှဆုံး ဂိုးတစ်ဂိုးပါပဲ။ ဒီအတွက်လည်း ပျော်ရွှင်မိပါတယ်။ တစ်ရာသီလုံး အကောင်းဆုံး သွင်းဂိုး ဖြစ်လာနိုင်မလားဆိုတော့ ဖြစ်နိုင်ပါတယ်။ ဒါပေမယ့်လည်း ခုမှ နိုဝင်ဘာလပဲ ရှိသေးလို့ ဒီလို ပြောဖို့က စောပါသေးတယ်။” လို့ ဂါနာချိုက သူ့သွင်းဂိုးနဲ့ ပတ်သက်ပြီး ပြောဆိုသွားပါတယ်။

ဂါနာချိုဟာ ဒီရာသီမှာ ယူနိုက်တက်အသင်းအတွက် EFL Cup ပွဲစဉ်မှာသာ ဂိုး(၁)ဂိုး သွင်းယူထားနိုင်ခဲ့တာဖြစ်ပြီး အခုမှ ဒီရာသီရဲ့ ပထမဆုံးသော ပရီးမီးယားလိဂ်ဂိုးကို အလှပဆုံး ကန်သွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။