MySport Myanmar

ကမ္ဘာ့ချန်ပီယံအသင်းဆီ ရောက်လာရလို့ အံ့သြပျော်ရွှင်မိတယ်လို့ ဂါနာချို ဝန်ခံ

အချိန်အတော်ကြာ ဖြစ်ပွားနေခဲ့တဲ့ အပြောင်းအရွှေ့ဇာတ်လမ်း အဆုံးသတ်သွားခဲ့ပြီဖြစ်ပြီး မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ တောင်ပံကစားသမား အလက်ဟန်ဒရို ဂါနာချိုဟာ ပြိုင်ဘက် ချယ်လ်ဆီးအသင်းထံ ပေါင် သန်း(၄၀)တန်ကြေးနဲ့ တရားဝင်ပြောင်းရွှေ့သွားပြီ ဖြစ်ပါတယ်။

အသက် (၂၁)နှစ်အရွယ် အာဂျင်တီးနားလက်ရွေးစင်ကစားသမားဟာ စတမ်းဖို့ဒ်ဘရစ်ချ်မှာ (၇)နှစ်သက်တမ်းရှိ စာချုပ်ရှည်ကြီးတစ်ရပ်ကို ချုပ်ဆိုခဲ့ပြီး ၂၀၃၂ ခုနှစ်အထိ ချယ်လ်ဆီးကစားသမားအဖြစ် ရှိနေမှာ ဖြစ်ပါတယ်။

Photo Credit : Chelsea FC

ဂါနာချိုရဲ့ အသင်းပြောင်းရွှေ့မှုဟာ ပြီးခဲ့တဲ့ မေလက စပါးအသင်းကို ရှုံးနိမ့်ခဲ့တဲ့ ယူရိုပါလိဂ်ဗိုလ်လုပွဲမှာ နည်းပြ ရူဘင် အမိုရင်က သူ့ကို အရံခုံမှာထားခဲ့ပြီးနောက်ပိုင်းမှာ စတင်ခဲ့တာဖြစ်ပါတယ်။ သူဟာ နည်းပြလက်အောက်က သူ့ရဲ့အခန်းကဏ္ဍအပေါ် တဖြည်းဖြည်း စိတ်ပျက်လာခဲ့ပြီးနောက် အသင်းကနေ ထွက်ခွာဖို့ ဆန္ဒရှိကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ ဒါကြောင့် နွေရာသီရာသီကြိုကာလတစ်လျှောက်လုံး အသင်းကြီးနဲ့ သီးခြားလေ့ကျင့်နေခဲ့ရပြီးနောက် အခုအခါမှာတော့ သူ့ရဲ့အပြောင်းအရွှေ့ အမှန်တကယ် ဖြစ်မြောက်လာခဲ့တာပါ။

အဆိုပါ ပေါင် သန်း ၄၀ တန် ပြောင်းရွှေ့ကြေးအပြင် ယူနိုက်တက်အသင်းဟာ နောက်တစ်ကြိမ် ပြန်လည်ရောင်းချရာတွင် (၁၀)ရာခိုင်နှုန်း ခွဲဝေရရှိမယ့် သဘောတူညီချက်ကိုပါ ထည့်သွင်းချုပ်ဆိုနိုင်ခဲ့ပါတယ်။ “ဒီလိုကလပ်အသင်းကြီးကို ရောက်ရှိလာတာက ကျွန်တော်နဲ့ ကျွန်တော့်မိသားစုအတွက် မယုံနိုင်စရာကောင်းတဲ့ အခိုက်အတန့်တစ်ခုပါပဲ။ ကျွန်တော် ကစားဖို့ မစောင့်နိုင်တော့ပါဘူး။”

Photo Credit : Chelsea FC

“ကျွန်တော် ကလပ်ကမ္ဘာ့ဖလားကို ကြည့်ခဲ့ပါတယ်။ ကမ္ဘာ့ချန်ပီယံအသင်းကို ရောက်လာရတာက တကယ်ထူးခြားပါတယ်။ ကျွန်တော်တို့က ကမ္ဘာ့အကောင်းဆုံးအသင်းပါပဲ။ ဒီကိုရောက်လာရတာ အံ့ဩစရာကောင်းပြီး အရမ်းလည်း ပျော်ရွှင်မိပါတယ်။” လို့ သူက ဆိုပါတယ်။ ဂါနာချိုဟာ ၂၀၂၀ ခုနှစ်မှာ အက်သလက်တီကို မက်ဒရစ်အသင်းကနေ ယူနိုက်တက်ကို ရောက်ရှိလာခဲ့ပြီး အကယ်ဒမီကနေ တက်လှမ်းလာပြီးနောက် ပွဲပေါင်း (၁၄၄)ပွဲမှာ (၂၆)ဂိုး သွင်းယူပေးနိုင်ခဲ့ပါတယ်။

သူဟာ ချယ်လ်ဆီးအသင်းရဲ့ ဒီနွေရာသီ (၉)ယာက်မြောက် ကစားသမားသစ်ခေါ်ယူမှုဖြစ်လာခဲ့ပြီး ဂျာအို ပက်ဒရို၊ လီယမ် ဒီလပ်၊ အက်စ်တီဗာအိုနဲ့ ဂျေမီ ဂစ်တန်စ်တို့ရဲ့နောက်မှာ ပဉ္စမမြောက် တိုက်စစ်ပိုင်း အင်အားဖြည့်တင်းမှုလည်း ဖြစ်ပါတယ်။ ချယ်လ်ဆီးအသင်းဟာ ခရစ္စတိုဖာ အန်ကွန်ကူကို အေစီမီလန်ထံ ရောင်းချမှုအပြီးမှာ ဂါနာချိုရဲ့အပြောင်းအရွှေ့ကို အပြီးသတ်နိုင်ခဲ့တာဖြစ်ပြီး ဒီခေါ်ယူမှုဟာ နည်းပြ အန်ဇို မာရက်စ်ကာရဲ့ ကိုယ်ပိုင်တောင်းဆိုမှုကြောင့်လည်း ဖြစ်တယ်လို့ သိရပါတယ်။

Exit mobile version