ပြီးခဲ့တဲ့ ၂၀၁၉-၂၀၂၀ ဘောလုံးရာသီတုန်းက အက်စတွန်ဗီလာအသင်းနဲ့အတူ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့တဲ့ ကွင်းလယ်ကစားသမား ဂျက်ဂရီးလစ်ရှ်ဟာ အသင်းကို ချန်ပီယံရှစ်ဆီ တန်းပြန်မဆင်းရပဲ ပရီးမီးယားလိဂ်မှာသာ ဆက်လက်တင်ကျန်ရစ်နိုင်အောင် အဓိကနေရာကနေ ကြိုးစားပေးခဲ့သူဖြစ်လို့ အင်္ဂလန်လက်ရွေးစင်အသင်းအတွက် ရွေးချယ်ခံရဖွယ် ရှိလာနိုင်တယ်လို့ ယူဆခဲ့ရပေမယ့်လည်း တကယ်တမ်း လက်ရွေးစင်အသင်းရဲ့လူစာရင်းကို ထုတ်ပြန်လာချိန်မှာ ဂရီးလစ်ရှ်က လူစာရင်းအတွင်း မပါဝင်လာခဲ့ပဲ ချန်လှပ်ခံခဲ့ရပါတယ်။

Photo Credit : Sports-nova

အသက်(၂၄)နှစ်အရွှယ်ရှိ ကွင်းလယ်ကစားသမား ဂရီးလစ်ရှ်ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီအတွင်း ဗီလာအသင်းအတွက် ပရီးမီးယားလိဂ်(၃၆)ပွဲအထိ ပါဝင်ကစားခဲ့ပြီး (၈)ဂိုးသွင်းယူခဲ့ကာ (၆)ဂိုးဖန်တီးနိုင်ခဲ့တဲ့အပြင် တစ်ပွဲအတွင်းအကောင်းဆုံးကစားသမားဆုကိုလည်း (၉)ကြိမ်အထိ ရယူထားနိုင်ခဲ့ပါတယ်။ ဒီလို အသင်းအတွက် စွမ်းစွမ်းတမံ ဆောင်ရွှက်ခဲ့ပေမယ့်လည်း ပြီးခဲ့တဲ့ရက်ပိုင်းကမှ ပြုလုပ်သွားခဲ့တဲ့ အင်္ဂလန်လက်ရွေးစင်အသင်းရဲ့ ကစားသမားရွေးချယ်မှုမှာတော့ ဂရီးလစ်ရှ်မပါဝင်လာနိုင်တာကြောင့် ဝေဖန်မှုတွေလည်း မြင့်တတ်ခဲ့ရပါတယ်။

Photo Credit : Sportsbible

ဒီလို အသင်းအတွက် ဂရီးလစ်ရှ်ကို မရွေးချယ်ခဲ့ရခြင်းအပေါ် အင်္ဂလန်နည်းပြဆောက်ဂိတ်က “ကျွန်တော်တို့မှာ ဂျေဒန်ဆန်ချို ရာဟန်စတာလင် မေဆန်ဂရင်းဝုဒ် မားကပ်ရပ်ဖိုဒ့်တို့ ရှိနေပါတယ်။ သူက ကံမကောင်းခဲ့တာပါ။ သူကစားနေတဲ့ ကွင်းလယ်နေရာနဲ့ပတ်သက်ပြီး ကစားသမားအရေအတွက်က များလွန်းတာကြောင့် သူလည်းဒီနေရာအတွက် ပိုပြီးပြိုင်ဆိုင်ရပါလိမ့်မယ်” လို့ ရှင်းလင်းပြောဆိုလိုက်ပါတယ်။ ဆောက်ဂိတ်ဟာ မနှစ်ကလည်း ဂရီးလစ်ရှ်အနေနဲ့ လက်ရွေးစင်အသင်းမှာ ရွေးချယ်ခံရဖို့အတွက် ဗီလာအသင်းနဲ့အတူ ပရီးမီးယားလိဂ်ပွဲများစွာ ပါဝင်ကစားရဖို့ လိုအပ်တယ်လို့ ထုတ်ဖော်ပြောဆိုခဲ့ပြီး ဂရီးလစ်ရှ်ကိုယ်တိုင်လည်း ပရီးမီးယားလိဂ်ပွဲများစွာ ကစားခဲ့ပေမယ့် ဆောက်ဂိတ်ကတော့ အသင်းအတွက် မရွေးချယ်ခဲ့ပဲ ချန်လှပ်ခဲ့ပါသေးတယ်။ ဆောက်ဂိတ်ဟာ ဂရီးလစ်ရှ်အစား ပရီးမီးယားလိဂ်ပြိုင်ပွဲဆီကို တန်းပြန်တတ်လာခဲ့တဲ့ လိဒ်စ်ယူနိုက်တက်အသင်းရဲ့ကွင်းလယ်ကစားသမား ကယ်ဗင်ဖီးလစ်ကိုသာ ရွေးချယ်သွားခဲ့တာကလည်း အရမ်းကို အံ့သြသင့်စရာ ဖြစ်ခဲ့ရသလို မေးခွန်းထုတ်ချင်စရာလည်း ဖြစ်စေခဲ့ရပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ဘောလုံးကျွမ်းကျင်သူတချို့ကတော့ ဂရီးလစ်ရှ်ကို အင်္ဂလန်ထက် အိုင်ယာလန်အသင်းမှာသာ ပါဝင်ကစားသင့်တယ်လို့ အကြံပြုပြောဆိုလာခဲ့ကြပါတယ်။