အင်္ဂလန်လက်ရွေးစင်အသင်းရဲ့ နည်းပြဖြစ်သူ ဂါရတ်ဆောက်ဂိတ်က အယ်ဘေးနီးယား ဆန်မာရီနိုအသင်းတွေနဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်တွေအဖြစ် ယှဉ်ပြိိုင်ကစားသွားရမယ့် ပွဲစဉ်တွေအတွက် အင်္ဂလန်ရဲ့ ကစားသမားစာရင်းကို ထုတ်ပြန်လာခဲ့ရာ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ကစားသမား(၃)ဦးဖြစ်တဲ့ ဂျေဒန်ဆန်ချို ဂျက်ဆီလင်ဂတ်နဲ့ မေဆင်ဂရင်းဝုဒ်တို့ ပါဝင်လာခြင်းမရှိတဲ့အပေါ် ရှင်းလင်းပြောဆိုမှုတွေ လုပ်ဆောင်သွားခဲ့ပါတယ်။

Photo Credit : Manchester Evening News

တောင်ပံတိုက်စစ်ကစားသမား ဂျေဒန်ဆန်ချိုနဲ့ ကွင်းလယ်တိုက်စစ်ကစားသမား ဂျက်ဆီလင်ဂတ်တို့ဟာ လာမယ့်တစ်ပတ်အတွင်း ယှဉ်ပြိုင်သွားရမယ့် ၂၀၂၂ခုနှစ် ကမ္ဘာ့ဖလားခြေစစ်ပွဲ (ဥရောပဇုန်) အတွက် အင်္ဂလန်လက်ရွေးစင်အသင်းဘက်က ထုတ်ပြန်လာတဲ့ လူစာရင်းမှာ ပါဝင်လာခြင်းမရှိတဲ့အပေါ် အင်္ဂလန်နည်းပြ ဆောက်ဂိတ်က “ဂျက်ဆီနဲ့ ဂျေဒန်တို့(၂)ဦးလုံးက သူတို့ရဲ့နေရာတွေမှာဆိုရင် အခြားကစားသမားတွေနဲ့ ယှဉ်ကြည့်မယ်ဆိုရင် ဘောလုံးသိပ်ကစားထားရခြင်း ရှိမနေပါဘူး။ သင်ရဲ့ကလပ်အသင်းအတွက် ပုံမှန်ကစားနေရမယ်ဆိုရင် သင်အနေနဲ့ သင်နဲ့ နေရာချင်း တူညီတဲ့ နေရာမှာ ကစားနေတဲ့ တခြားကစားသမားတွေနဲ့ယှဉ်ပြီး သူဘယ်လိုမျိုး ကစားနေနိုင်တယ်ဆိုတာကို ကျွန်တော်တို့ဘက်ကနေ အကဲဖြတ်ပေးဖို့အတွက် ပိုကောင်းတဲ့ အခွင့်အရေးတွေ ရလာနိုင်ပါလိမ့်မယ်”

Photo Credit : Sports Home Time

“ဒီကစားသမား(၂)ယောက်လုံးက ကလပ်အသင်းတွေမှာ သူတို့ကစားနေတဲ့ နေရာအတွက် တကယ့်ကို ပြိုင်ဆိုင်မှု ပြင်းထန်နေကြရတာပါ။ အဲ့ဒါကိုလည်း သူတို့(၂)ယောက်လုံးက ကောင်းကောင်းကြီးကို သိနားလည်နေပါတယ်။ သူတို့က သူတို့ရဲ့ကလပ်အသင်းမှာ ကစားခွင့်တွေ ရချင်တယ်။ ကစားခွင့်ရရင်လည်း အကောင်းဆုံး စွမ်းဆောင်ရည်တွေနဲ့ ကစားပြချင်တယ်။ ပြီးရင်တော့ အင်္ဂလန်အသင်းမှာပါ ထိပ်တန်းအဆင့်မျိိုးနဲ့ ကစားပြချင်တယ်။ သူတို့က အင်္ဂလန်အသင်းအတွက် ကောင်းကောင်းလုပ်ဆောင်ပြထားခဲ့ပါပြီ။ သူတို့တွေ ကျွန်တော်တို့နဲ့အတူ ပြန်လည်ပူးပေါင်းလာနိုင်မယ်လို့လည်း သေချာပါတယ်” လို့ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။ ပြီးခဲ့တဲ့ နွေစျေးကွက်ကမှ ဒေါ့မွန်ကနေ ယူနိုက်တက်အသင်းဆီကို ပေါင်(၇၃)သန်းနဲ့ ရောက်ရှိလာခဲ့တဲ့ ဆန်ချိုဟာ အသင်းမှာ ပုံမှန်နေရာ တစ်နေရာ အခိုင်အမာ ရရှိဖို့အတွက် ရုန်းကန်နေရပြီး ယူနိုက်တက်အသင်းရဲ့ နောက်ဆုံးကစားခဲ့တဲ့ (၅)ပွဲအတွင်းမှာလည်း ဆန်ချိုက စုစုပေါင်း (၈၅)မိနစ်ခန့်ကိုသာ ပါဝင်ကစားထားရပါသေးတယ်။