ဒီနေ့ည စတမ်းဖို့ဒ်ဘရစ်ချ်ကွင်းမှာ ယှဉ်ပြိုင်ကစားရမယ့် ချယ်လ်ဆီးအသင်းနဲ့ ရီးယဲလ်မက်ဒရစ်အသင်းတို့ရဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပထမအကျော့ပွဲစဉ်မှာ ဧည့်သည်ရီးယဲလ်အသင်းဘက်က ဝေးလ်စ်ထိပ်တန်းကစားသမားဖြစ်သူ ဂါရတ်ဘေးလ် ပါဝင်ကစားဖွယ် ရှိလို့နေပြီး ဒီပွဲဟာလည်း သူရဲ့ ရီးယဲလ်ကစားသမားဘဝ နောက်ဆုံးနှုတ်ဆက်တဲ့ပွဲပါ ဖြစ်လာရဖွယ် ရှိနေတယ်လို့ သိရှိရပါတယ်။

Gareth Bale scored twice in his last appearance, for Wales against Austria

Photo Credit : The Sun

အသက်(၃၂)နှစ်အရွှယ်ရှိ ဝေးလ်စ်လက်ရွေးစင် တောင်ပံကစားသမားကြီး ဘေးလ်ဟာ ဒီနှစ်ဘောလုံးရာသီအတွင်း ရီးယဲလ်အသင်းအတွက် (၅)ပွဲသာ ပါဝင်ကစားထားခဲ့ရသလို ဒီရာသီအကုန်မှာလည်း အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးရတော့မှာဖြစ်ပြီး နှစ်ဖက်လုံးက သက်တမ်းတိုးဖို့ ဆန္ဒမရှိတဲ့အတွက် နွေရာသီမှာ လက်တွဲဖြုတ်ဖွယ် ရှိနေရပါတယ်။ ဒါပေမယ့် ဘေးလ်က ပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်း နိုင်ငံတကာပွဲစဉ်တွေအတွင်းမှာ ဝေးလ်စ်အသင်းအတွက် ခြေစမ်းတွေပြ ဖရီးကစ်သွင်းဂိုး အပါအဝင် ဂိုးတွေသွင်းယူပေးနိုင်ခဲ့လို့ ရီးယဲလ်အသင်းဘက်ကလည်း ဘေးလ်ကို ပြန်လည်နေရာပေးဖို့ စဉ်းစားလာခဲ့တာ ဖြစ်တယ်လို့ Football.London ကနေ ဖော်ပြသွားခဲ့ပါတယ်။

Bale could start against Chelsea after being put through his paces in training

Photo Credit : The Sun

ဘေးလ်ဟာ ဆယ်လ်တာဗီဂိုအသင်းနဲ့ ရင်ဆိုင်ခဲ့ရတဲ့ စပိန်လာလီဂါပွဲစဉ်အတွင်း ရီးယဲလ်အသင်းအတွက် ပါဝင်ရခြင်း မရှိပေမယ့်လည်း ဒီကနေ လန်ဒန်မှာ ယှဉ်ပြိုင်ကစားသွားရမယ့် ချန်ပီယံလိဂ်ပွဲစဉ်မှာတော့ အသင်းအတွက် ပြန်လည်ကစားပေးခွင့် ရရှိလာနိုင်ဖွယ် ရှိနေပါတယ်။ ဒါပေမယ့် ဒီပွဲဟာ ဘေးလ်အတွက်တော့ အင်္ဂလန်မြေမှာ ကစားခဲ့ရမယ့် သူရဲ့ရီးယဲလ်ကစားသမားဘဝ နောက်ဆုံးသောပွဲပါ ဖြစ်လာနိုင်ဖွယ်လည်း ရှိနေပါတယ်။ မကြာသေးခင်က ထွက်ပေါ်လို့နေတဲ့ ကောလဟာလတွေအရ ဝေးလ်စ်လက်ရွေးစင်အသင်းအနေနဲ့ ၂၀၂၂ခုနှစ် ကာတာကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပါဝင်ဆင်နွဲရဖို့ လွဲချော်သွားခဲ့ရမယ်ဆိုရင် ဘေးလ်အနေနဲ့ ဒီရာသီအကုန်မှာပဲ သူရဲ့ဘောလုံးသမားဘဝကိုပါ အဆုံးသတ်ဖွယ် ရှိတယ်လို့ ကောလဟာလ ထွက်ခဲ့ပေမယ့်လည်း လက်ရှိမှာ ဝေးလ်စ်အသင်းဟာ ပလေးအော့ နောက်ဆုံးအဆင့်ကို ရောက်ရှိနေပြီဖြစ်သလို ယူကရိန်း စကော့တလန်တို့ပွဲက အနိုင်ရလာမယ့်အသင်းနဲ့သာ တစ်ပွဲတည်းကို ရင်ဆိုင်ရတော့မှာဖြစ်လို့ ဒီပွဲကို အနိုင်ရလိုကမယ်ဆိုရင် ဘေးလ်ရဲ့ ဝေးလ်စ်အသင်းက ကမ္ဘာ့ဖလားကို ဆင်နွဲရတော့မှာ ဖြစ်တဲ့အပြင် ဘေးလ်အနေနဲ့ အနားယူသွားဖို့ထက် ကလပ်အသင်းသစ် တစ်သင်းကိုသာ ရှာဖွေရတော့မှာ ဖြစ်ပါတယ်။