ဒီနှစ်ဘောလုံးရာသီရဲ့ နွေစျေးကွက်အတွင်းမှာ ရီးရဲလ််မက်ဒရစ်အသင်းဆီကနေ ကလပ်အသင်းဟောင်း စပါးဆီကို တစ်ရာသီအငှားစာချုပ်နဲ့ ပြောင်းရွှေ့ရောက်ရှိလာခဲ့တဲ့ ဝေးလ်တောင်ပံတိုက်စစ်ကစားသမား ဂါရတ်ဘေးလ်ဟာ စပါးမှာ ပျော်ရွှင်နေပေမယ့်လည်း အသင်းနဲ့ အငှားစာချုပ် ပြည့်မြောက်မယ့်အချိန်မှာတော့ မူလကလပ်အသင်းဖြစ်တဲ့ ရီးရဲလ်ဆီကိုပဲ ပြန်သွားဖွယ်ရှိနေပြီး ရီးရဲလ်မှာ သူရဲ့စာချုပ်သက်တမ်းကုန်ဆုံးထိ ပါဝင်ကစားသွားဖွယ် ရှိနေတယ်လို့ သိရှိရပါတယ်။

Photo Credit : Football.London

အသက်(၃၁)နှစ်အရွှယ်ရှိ ဝေးလ်စ်လက်ရွေးစင် တိုက်စစ်ကစားသမား ဘေးလ်ဟာ ရီးရဲလ်အသင်းမှာ နည်းပြဇီဒန်းနဲ့ ဆက်ဆံရေးပိုင်း အဆင်မပြေဖြစ်မှုကြောင့် အသင်းကနေ အငှားစာချုပ်နဲ့ ထွက်ခွာလာခဲ့ရတာဖြစ်ပြီး လက်ရှိစပါးအသင်းမှာ အဆင်ပြေနေပေမယ့်လည်း ဘေးလ်ကတော့ စပါးနဲ့ အငှားစာချုပ် ကုန်ဆုံးချိန်မှာတော့ ရီးရဲလ်ဆီကိုပဲ ပြန်သွားနိုင်တယ်လို့ သိရပါတယ်။ ပထမဆုံး ထွက်ပေါ်လာတဲ့ Sources တွေအရ ရီးရဲလ်အနေနဲ့ ဇီဒန်းကို နည်းပြရာထူးကနေ ထုတ်ပယ်လိုက်မှသာ ဘေးလ်လည်း အသင်းဆီကို ပြန်လာနိုင်တယ်လို့ ဖော်ပြထားခဲ့ပေမယ့် ဒီနောက်ပိုင်း ထွက်ပေါ်နေတဲ့ Sources တွေမှာတော့ အသင်းမှာ ဇီဒန်းဆက်ရှိနေရင်တောင်မှ ဘေးလ်ဟာ ရီးရဲလ်ကို ပြန်လာနိုင်တယ်လို့ကို ဖော်ပြလာခဲ့ပါတယ်။

Photo Credit : AS English

ဘေးလ်ဟာ ၂၀၁၃ခုနှစ်ကမှ စပါးကနေ ရီးရဲလ်အသင်းဆီကို ယူရို(၉၁)သန်းနဲ့ ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး အသင်းနဲ့အတူ လာလီဂါချန်ပီယံ(၂)ကြိမ် ချန်ပီယံလိဂ်ချန်ပီယံ(၄)ကြိမ်အထိ ရယူနိုင်ခဲ့သူဖြစ်ပါတယ်။ အသင်းရဲ့ အရေးပါတဲ့ ကစားသမားတစ်ယောက်အဖြစ် သတ်မှတ်ခံထားရပေမယ့် နောက်ပိုင်းနှစ်တွေမှာတော့ ဂါရတ်ဘေးလ်ဟာ နည်းပြဇီဒန်းနဲ့ ဆက်ဆံရေးပိုင်းမှာ မပြေမလည် ဖြစ်လာခဲ့ရပြီး ဘေးလ်ရဲ့အမူအကျင့်တွေကလည်း ဇီဒန်းအတွက် အာရုံနောက်စရာတွေ ဖြစ်လာခဲ့လို့ ဘေးလ်ကို အသင်းရဲ့ပွဲစဉ်တော်တော်များများမှာ ချန်လှပ်လာခဲ့တဲ့အပြင် ဒီနှစ်နွေစျေးကွက်အတွင်းမှာလည်း အသင်းဟောင်းစပါးဆီကိုပါ အငှားချလာခဲ့ပါတယ်။ ဒါပေမယ့် ဘေးလ်ဟာ ရီးရဲလ်အသင်းမှာတော့ စာချုပ်သက်တမ်း ကျန်ရှိနေသေးပြီး ၂၀၂၂ခုနှစ်မှ ကုန်ဆုံးမှာဖြစ်လို့ စပါးနဲ့ အငှားစာချုပ် ကုန်ဆုံးချိန်မှာ ရီးရဲလ်ဆီကိုပဲ ပြန်လာဖွယ်ရှိကာ ရီးရဲလ်အသင်းမှာ သူရဲ့စာချုပ်သက်တမ်း ကုန်ဆုံးမယ့်အချိန်ထိ ဆက်လက်ကစားသွားနိုင်ပါတယ်။ ရီးရဲလ်အသင်း ဥက္ကဌဖြစ်သူ ဖလော်ရန်တီနိုပီရက်ဇ်ကိုယ်တိုင်ကလည်း ဘေးလ်ကို အလွန်နှစ်သက်သူဖြစ်လို့ အသင်းကနေ အပြီးသတ်ရောင်းချဖို့ထက် အသင်းမှာပဲ ဆက်လက်ထိန်းသိမ်းထားချင်နေမှာဖြစ်လို့ လာမယ့်ဘောလုံးရာသီမှာတော့ ဘေးလ်ကို ရီးရဲလ်ကစားသမားအဖြစ်နဲ့ပဲ ပြန်လည်မြင်တွေ့ရဖို့ ရာခိုင်နှုန်းများလို့နေပါတယ်။