MySport Myanmar

မက်ဒရစ် အခြေစိုက် ဂီတာဖေးအသင်းနဲ့ပါ သတင်းတွေ ထွက်ပေါ်လာခဲ့တဲ့ ဂါရတ်ဘေးလ်

ဝေးလ်စ်အသင်းနဲ့အတူ ၂၀၂၂ခုနှစ် ကာတာကမ္ဘာ့ဖလားပြိုင်ပွဲကြီးကို ဝင်ရောက်ဆင်နွဲခွင့် ရရှိတော့မယ့် ဝေးလ်စ် ထိပ်တန်းကစားသမားကြီး ဂါရတ်ဘေးလ်ဟာ သူရဲ့ ဘောလုံးသမားဘဝကနေ အနားယူတော့မယ့်ဆိုတဲ့ အစီအစဉ်ကို ရပ်နားထားဦးမှာဖြစ်ပြီး ဘောလုံးသမားဘဝကို ဆက်လက်ဖြတ်သန်းသွားဦးမှာ ဖြစ်သလို လတ်တလော ထွက်ပေါ်နေတဲ့ သတင်းတွေအရ စပိန်လာလီဂါမှာပဲ ဘောလုံးဆက်ကစားဖွယ်တောင် ရှိနေပါတယ်။

Photo Credit : Eurosport

ရီးယဲလ်မက်ဒရစ်အသင်းနဲ့ ဥရောပချန်ပီယံလိဂ် ဆုဖလား (၅)ကြိမ်ထိကို ပိုင်ဆိုင်ထားနိုင်ခဲ့တဲ့ ဂါရတ်ဘေးလ်နဲ့ အံ့အားသင့်ဖွယ် သတင်းတွေ ထွက်ပေါ်နေတာကတော့ လာလီဂါကလပ် ဂီတာဖေးအသင်း ဖြစ်ပါတယ်။ မက်ဒရစ်မြို့ အခြေစိုက် ဂီတာဖေးအသင်းကို ဘေးလ်ရဲ့ အေးဂျင့်က ဘေးလ်ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူသွားမလားဆိုပြီး ဆက်သွယ်လာခဲ့တယ်လို့ ဂီတာဖေး အသင်းဥက္ကဌ အိန်ဂျယ်တောရက်စ်ဆန်းချက်ဇ်က ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။ ဘေးလ်ရဲ့အခြေအနေနဲ့ ပတ်သက်ပြီး တောရက်စ်ဆန်းချက်ဇ်က “လွန်ခဲ့တဲ့ (၄၅)မိနစ်ကမှ ဂါရတ်ဘေးလ်ရဲ့ အေးဂျင့်နဲ့ ကျွန်တော်တို့ စကားတွေ ပြောဖြစ်ခဲ့ပါတယ်”

Photo Credit : The Sun

“သူတို့ဘက်ကနေ ကျွန်တော်တို့ကို ကမ်းလှမ်းသွားတယ်။ ကျွန်တော်တို့ဘက်ကလည်း ဒီဖြစ်နိုင်ချေကို စဉ်းစားပြီး လေ့လာသွားမှာပါ” လို့ ပြောကြားသွားခဲ့ပါတယ်။ အသက်(၃၂)နှစ်အရွှယ်ရှိ ကစားသမားကြီး ဘေးလ်ဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ကပဲ ယူကရိန်းနဲ့ ဝေးလ်စ်အသင်းတို့ရဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲ ပလေးအော့ နောက်ဆုံးဖိုင်နယ်မှာ အသင်းအတွက် အကောင်းဆုံး ပါဝင်ကစားပေးခဲ့ပြီး သူရဲ့ဖရီးကစ် ကန်သွင်းချက်ကနေတစ်ဆင့် ယူကရိန်း တိုက်စစ်ကစားသမား ယာမိုလန်ကိုရဲ့ ဖြတ်ထုတ်မှုက ဂိုးဝင်သွားခဲ့ရကာ အဲ့ဒီတစ်ဂိုးတည်းနဲ့ပဲ ဝေးလ်စ်တို့ (၆၄)နှစ်အတွင်း ပထမဆုံးအကြိမ် ကမ္ဘာ့ဖလားဝင်ခွင့် ရရှိခဲ့သလို ဘေးလ်လည်း ကမ္ဘာ့ဖလားပြိုင်ပွဲကို အခုမှ စတင်ပါဝင်ခွင့် ရရှိသွားခဲ့ပါတယ်။ အခုလို ဝေးလ်စ်နဲ့ world cup ကို ဝင်ရောက်ဆင်နွဲခွင့်ရတော့မယ့် ဘေးလ်ဟာ သူရဲ့ဘောလုံးသမားဘဝကို အဆုံးသတ်သွားဖို့ ဆန္ဒမရှိသေးပဲ လက်ရှိ ရီးယဲလ်အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးချိန်မှာ ကလပ်အသင်း တစ်သင်းသင်းဆီကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့ကစားဖို့ စီစဉ်နေသလို သူရဲ့မွေးရပ်မြေက ဘောလုံးအသင်းဖြစ်တဲ့ ကာဒစ်စီးတီးအသင်းဆီ ပြောင်းရွှေ့သွားဖို့ကိုလည်း စီစဉ်လျက် ရှိနေတယ်လို့ သိရပါတယ်။

Exit mobile version