ရီးရဲလ်အသင်းရဲ့ တောင်ပံကစားသမား ဂါရတ်ဘေးလ်ဟာ ပရီးမီးယားလိဂ်ကလပ် အသင်းဟောင်း စပါးအသင်းကို ပြန်မပြောင်းသွားခင်မှာ ရီးရဲလ်အသင်းဖော်တွေကို နှုတ်ဆက်ဖို့ ယနေ့ နံနက်ပိုင်းက အသင်းရဲ့ လေ့ကျင့်ရေးကွင်းကို သွားရောက်ခဲ့တယ်လို့ TheSun သတင်းက ဖော်ပြသွားခဲ့ပါတယ်။ အသက် (၃၁) နှစ်အရွယ် ဝေးလ်လက်ရွေးစင် အသင်းရဲ့ တောင်ပံကစားသမား ဂါရတ်ဘေးလ်ဟာ ယနေ့၊ ကြသပတေးနေ့၊ နံနက်ပိုင်း စပိန် စံတော်ချိန် (၁၀.၁၅) မိနစ်မှာ ရီးရဲလ်မက်ဒရစ်အသင်းရဲ့ လေ့ကျင့်ရေးကွင်းကို သွားရောက်ပြီး ရီးရဲလ်အသင်းဖော်တွေကို နှုတ်ဆက်သွားခဲ့တာ ဖြစ်ပါတယ်။

 

Photo Credit: TheSun

ရီးရဲလ်အသင်းရဲ့ တောင်ပံကစားသမား ဂါရတ်ဘေးလ်ဟာ အဖြူရောင် တီရှပ်အင်္ကျီကို ဝတ်ဆင်ပြီး ဆံပင်ကို ချည်ထားလျက် သူ့ရဲ့ အနက်ရောက် Audi ကားနဲ့ လေ့ကျင့်ရေးကွင်းကို ရောက်လာခဲ့ပြီး အသင်းဖော်တွေကို နှုတ်ဆက်သွားခဲ့တယ်လို့ စပိန် အခြေစိုက် သတင်းတွေက ဖော်ပြခဲ့ကြပါတယ်။ စပါးအသင်းရဲ့ တောင်ပံ ကစားသမားဟောင်း ဂါရတ်ဘေးလ်ဟာ အသင်းဟောင်း စပါးအသင်းကို အပြီးသတ် မဟုတ်ဘဲ ကာလရှည် အငှား စာချုပ်နဲ့ ပြောင်းရွှေ့သွားမှာ ဖြစ်ပြီး စပါးအသင်းအနေနဲ့ မနက်ဖြန် သောကြာနေ့မှာ ဘေးလ်ရဲ့ အပြောင်းအရွှေ့ သတင်းကို တရားဝင် ထုတ်ပြန်နိုင်ပါတယ်။

Photo Credit: TheSun

အင်္ဂလန် အခြေစိုက် သတင်းမီဒီယာတွေအရ စပါးအသင်းဟာ ဂါရတ်ဘေးလ်ရဲ့ လစာကို အပြည့် ပေးစရာ မလိုဘဲ (၄၀) ရာခိုင်နှုန်းသာ ပေးရမှာ ဖြစ်ပြီး လာလီဂါကလပ် ရီးရဲလ်မက်ဒရစ်အသင်းက ကျန်တဲ့ (၆၀) ရာခိုင်နှုန်းကို ကူပေးမှာ ဖြစ်တယ်လို့လည်း အခိုင်အမာ ဖော်ပြခဲ့ကြတာ ဖြစ်ပါတယ်။ တောင်ပံ ကစားသမား ဘေးလ်ဟာ ရီးရဲလ်အသင်းကနေ စပါးအသင်းကို အငှားနဲ့ ပြောင်းရွေ့ပြီးရင် စပါးအသင်းအတွက် ယခုလ စက်တင်ဘာလမှာ ချက်ချင်း ပွဲထွက်ကစားနိုင်မှာ မဟုတ်ဘဲ လာမယ့် အောက်တိုဘာလ (၁၇) ရက်နေ့မှာပဲ ပွဲထွက် ကစားနိုင်မယ်လို့လည်း သတင်း ထွက်လာပါတယ်။ နည်းပြ မော်ရင်ဟိုရဲ့ စပါးအသင်းဟာ ရီးရဲလ်အသင်းကနေ တောင်ပံ ကစားသမား ဂရတ်ဘေးလ်ကိုသာမက ရီးရဲလ်အသင်းရဲ့ အကယ်ဒမီထွက် ဘယ်နောက်ခံ ကစားသမား ရယ်ဂီလွန်ကိုလည်းပဲ ခေါ်ယူနိုင်ချေ ရှိပြီး မနက်ဖြန်၊ သောကြာနေ့မှာ ဘေးလ်ရဲ့ အပြောင်းအရွှေ့ကို တရားဝင် ထုတ်ပြန်နိုင်ပါတယ်။