MySport Myanmar

အာဆင်နယ်ကို ကျော်ပြီး ချန်ပီယံ ဖြစ်ဖို့ အရမ်းကို ခက်ပါတယ် ဆိုတဲ့ ဂွာဒီယိုလာ

အင်္ဂလန် ပရီးမီးယားလိဂ်ရဲ့ လက်ရှိချန်ပီယံ မန်ချက်စတာ စီးတီးရဲ့ နည်းပြချုပ် ဖြစ်သူ ပပ် ဂွာဒီယိုလာက သူတို့အသင်းဟာ ယခုနှစ် ဘောလုံးရာသီမှာ ချန်ပီယံလုဘက် အာဆင်နယ်ကို ကျော်ကာ ချန်ပီယံ ဖြစ်ဖို့ ခက်ခက်ခဲခဲ ကြိုးစားရမှာ ဖြစ်ပြီး လက်ကျန် ၉ပွဲစလုံးကို အနိုင်ရမှသာ ချန်ပီယံ ဖြစ်နိုင်လိမ့်မယ်လို့ မန်ချက်စတာ စီးတီးနဲ့ လက်စတာ စီးတီး ပွဲအတွက် ပြုလုပ်ခဲ့တဲ့ ပွဲကြို သတင်းစာရှင်းလင်းပွဲမှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

ဂွာဒီယိုလာ ဦးဆောင်နေတဲ့ မန်ချက်စတာ စီးတီးက အင်္ဂလန် ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးအသင်း အဖြစ် သတ်မှတ်ခံထားရပေမယ့် လက်ရှိမှာ မန်ချက်စတာ စီးတီးက အဆင့်(၁)နေရာမှာ ရှိနေတဲ့ အာဆင်နယ်နဲ့ ရမှတ် ၆မှတ် အထိ ကွာဟနေပါတယ်။

Photo Credit: Goal

မန်ချက်စတာ စီးတီးက အာဆင်နယ်ထက် ရမှတ် ၆မှတ် လျော့နည်းနေပေမယ့် ၁ပွဲလျော့ အနေအထား ဖြစ်လို့ လက်ကျန်ပွဲကို အနိုင် ကစားနိုင်ခဲ့ရင် ရမှတ် ၃မှတ်သာ ကွာတော့မှာ ဖြစ်သလို လက်ကျန် ၉ပွဲအနက် အာဆင်နယ်ကို အိမ်ကွင်း အီတီဟတ်မှာ ဧည့်ခံ ကစားရမယ့် ပွဲစဉ်လည်း ပါဝင်နေသေးတာကြောင့် ဘောလုံးရေးရာ ကျွမ်းကျင်သူတွေက မန်ချက်စတာ စီးတီးဟာ အာဆင်နယ်ကို ကျော်ဖြတ်ကာ သူတို့ရဲ့ ချန်ပီယံဘွဲ့ကို ဆက်လက် ထိန်းသိမ်းနိုင်လိမ့်မယ်လို့ သုံးသပ်နေကြပါတယ်။

ဒါပေမယ့် မန်ချက်စတာ စီးတီးရဲ့ နည်းပြချုပ် ဖြစ်သူ ပပ် ဂွာဒီယိုလာကတော့ အဆိုပါ သုံးသပ်မှုတွေကို လက်မခံသေးပဲ လက်ရှိအချိန်မှာ ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်ဖို့ အခြေအနေ အကောင်းဆုံး ဖြစ်နေတဲ့ အသင်းဟာ အာဆင်နယ်သာ ဖြစ်ပြီး သူတို့အသင်းက အာဆင်နယ်ကို လိုက်မှီဖို့နဲ့ ကျော်ဖြတ်နိုင်ဖို့ ဆိုရင် လက်ကျန်ပွဲတွေ အားလုံးကို အနိုင်ကစားမှဖို့ လိုအပ်ကာ လက်ကျန် ၉ပွဲစလုံးကို အနိုင် ကစားဖို့ဟာ အလွန် ခက်ခဲကြောင်း ဆိုလာပါတယ်။

Photo Credit: Sporting News

ဂွာဒီယိုလာက – “ခြေစွမ်းတည်ငြိမ်မှု မရှိတာက ရာသီအစမှာ ကျွန်တော်တို့ရဲ့ အဓိက ပြဿနာ ဖြစ်ခဲ့တာပါ။ ကျွန်တော်တို့က တခါတလေမှာ အရမ်းကောင်းတဲ့ ခြေစွမ်းတွေနဲ့ ပွဲတွေ နိုင်ခဲ့ပေမယ့် နောက်တပွဲကျ ရလဒ်တွေ ပြန်ဆိုးတာမျိုး ရှိခဲ့ပါတယ်။ ကျွန်တော်တို့က ခြေစွမ်းပိုင်း တည်ငြိမ်မှု အားနည်းခဲ့ပါတယ်။ အခုချိန်မှာတော့ ကျွန်တော်တို့က အလွဲတွေ ထပ်လုပ်လို့ မရတော့ပါဘူး။ ကျွန်တော်တို့တွေ ၁ပွဲ ထပ်ရှုံးလိုက်တာနဲ့ အာဆင်နယ်ကို ဖလားလွှဲပေးရပါပြီ။ ဒါကြောင့် ဒီနောက်ပိုင်းမှာ ကျွန်တော်တို့ ကစားသမားတွေက အနိုင်ရဖို့ တခုထဲ အတွက် ဦးတည် ကစားလာကြပြီး ကစားပုံလည်း ခါတိုင်းထက် ပိုကောင်းလာပါတယ်။ ကျွန်တော်တို့ အတွက် နေ့ရက်တိုင်းက အတူတူပါပဲ။ ကျွန်တော်တို့တွေ ၁ပွဲ ထပ်ရှုံးတာနဲ့ ချန်ပီယံဘွဲ့ကို လက်လွှတ်ရပြီ။ ဒီစိတ်နဲ့ပဲ ကျွန်တော်တို့တွေ နေ့ရက်တိုင်းကို ဖြတ်သန်းနေရတာပါ။ ကျွန်တော်တို့က လက်စတာနဲ့ ပွဲကို အနိုင်ရခဲ့ရင်တောင် ချန်ပီယံဆုကို စိန်ခေါ်နိုင်တဲ့ အဆင့်မှာပဲ ရှိနေဦးမှာပါ။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့က အာဆင်နယ်ထက် ရမှတ် ၆မှတ် နည်းနေသေးလို့ပါ။ အာဆင်နယ်က ဒီရာသီမှာ ၁ပတ်ကို ၁ပွဲပဲ ကစားနေရသလို ရမှတ် ဆုံးရှုံးမှုလည်း အတော်လေးကို နည်းပါးတဲ့ အသင်းပါ။ သူတို့က ၁ပတ်ကိုမှ ၁ပွဲပဲ ကစားရလို့ ရှေ့ပွဲမှာ ဘာတွေ မှားခဲ့လဲ ဆိုတာကို အေးဆေး အဖြေရှာလို့ ရသလို အမှားတွေကိုလည်း ပြန်ပြင်နိုင်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့က အာဆင်နယ်ကို ကျော်နိုင်ဖို့ အတော်လေးကို ခက်ပါလိမ့်မယ်။ ပြီးတော့ အာဆင်နယ်က ရမှတ်တွေ ထပ်ပြီး ဆုံးရှုံးဖို့လည်း အတော်လေး ခက်ပါတယ်။ ကျွန်တော်တို့ လုပ်ရမှာက ကစားရသမျှ ပွဲတိုင်းကို အနိုင် ကစားဖို့ပါပဲ” လို့ ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။

Exit mobile version