ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်ရဲ့ တက်သစ်စ လူငယ်ကြယ်ပွင့် တိုက်စစ်မှူး ဂါနာချိုဟာ သူ့ရဲ့ အသင်းဖော်လည်းဖြစ် စံပြပုဂ္ဂိုလ်လည်း ဖြစ်တဲ့ ခရစ္စတီယာနို ရိုနယ်ဒိုကို ဘောလုံးသမိုင်းတလျှောက် အကောင်းဆုံး ကစားသမားလို့ ချီးကျူးမိခဲ့လို့ သူနဲ့ တနိုင်ငံထဲသား နာမည်ကျော် တိုက်စစ်မှူးဟောင်း အဂူရိုနဲ့ အချေအတင် ဖြစ်ခဲ့ကြောင်း သိရပါတယ်။

အသက် ၁၇နှစ် အရွယ်သာ ရှိသေးတဲ့ အာဂျင်တီးနား လူငယ်ကြယ်ပွင့် ဂါနာချိုဟာ ယခုနှစ် ဘောလုံးရာသီမှာ မန်ချက်စတာ ယူနိုက်တက်ရဲ့ လူငယ်အသင်းတွေနဲ့ အတူ ခြေစွမ်းကောင်းတွေ ပြသထားနိုင်တာကြောင့် မကြာသေးမီကပဲ အာဂျင်တီးနား လက်ရွေးစင်အသင်း အတွက် ရွေးချယ်ခံခဲ့ရတဲ့ တက်သစ်စ လူငယ်ကြယ်ပွင့်ပဲ ဖြစ်ပါတယ်။

Photo Credit: One Football

ညာခြေအားသန် ကစားသမား တဦး ဖြစ်တဲ့ ဂါနာချိုဟာ တဦးချင်း အရည်အသွေး မြင့်မားတဲ့ လူငယ်ကြယ်ပွင့် တဦး ဖြစ်သလို တိုက်စစ်မှူးနေရာမှာ သာမကပဲ ဘယ်တောင်ပံတိုက်စစ် ကစားသမား အဖြစ်ပါ ကစားနိုင်စွမ်း ရှိတာကြောင့် မန်ချက်စတာ ယူနိုက်တက် လူငယ်အသင်း နည်းပြတွေရဲ့ စိတ်ကြိုက် ကစားသမား တဦး ဖြစ်ပြီး ယခုနှစ် ဘောလုံးရာသီမှာ လူငယ်အသင်းတွေ အတွက် ပြိုင်ပွဲစုံမှာ ၃၀ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၁၂ဂိုး သွင်းယူထားနိုင်ကာ ဂိုးဖန်တီးမှု ၆ကြိမ် ပြုလုပ်ထားနိုင်ခဲ့ပါတယ်။

လူငယ်အသင်းတွေနဲ့ ခြေစွမ်းကောင်းတွေ ပြသထားနိုင်တာကြောင့်ပဲ ဂါနာချိုက ယမန်နေ့ညမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက် ၃-၂ နောဝှစ်ချ်ပွဲစဉ်မှာ အသင်းရဲ့ လူစာရင်းထဲကို ထည့်သွင်းခံခဲ့ရသလို ပွဲအပြီးမှာလည်း မန်ချက်စတာ ယူနိုက်တက်ရဲ့ ဟက်ထရစ် သူရဲကောင်း ရိုနယ်ဒိုက သူ ရရှိခဲ့တဲ့ ဟက်ထရစ်ဘောလုံးကို ဂါနာချိုအား လက်ဆောင်ပေးခဲ့ပါတယ်။

Photo Credit: One Football

သူ့ရဲ့ စံပြပုဂ္ဂိုလ် ဖြစ်တဲ့ ရိုနယ်ဒိုဆီကနေ ဟက်ထရစ်ဘောလုံး ရခဲ့တဲ့ အတွက် အပျော်ကြီး ပျော်နေတဲ့ ဂါနာချိုက သူ့ရဲ့ အင်စတာဂရမ် အကောင့်မှာ ရိုနယ်ဒိုကို ဘောလုံးသမိုင်းတလျှောက် အကောင်းဆုံး ကစားသမား ဆိုပြီး ချီးကျူးခဲ့ကာ သူ့ရဲ့ ပို့စ်အောက်မှာတော့ မန်ချက်စတာ စီးတီးရဲ့ ဂန္တဝင် တိုက်စစ်မှူး ဖြစ်သလို ရိုနယ်ဒိုနဲ့ ခေတ်ပြိုင် ကစားသမား လီယွန်နယ် မက်ဆီရဲ့ အချစ်ဆုံး သူငယ်ချင်းလည်း ဖြစ်တဲ့ အဂူရိုက “မင်းက အကောင်းဆုံး ကစားသမား လီယွန်နယ် မက်ဆီနဲ့ မကစားဖူးသေးတော့ ဒီလိုစကားမျိုး ပြောဦးမှာပေါ့” လို့ လာရောက် မှတ်ချက်ပေးရာ ကနေ ဂါနာချိုနဲ့ အဂူရိုတို့ ကြားမှာ ပြဿနာတွေ ဖြစ်ပေါ်ခဲ့တာပါ။

ဂါနာချိုဟာ ပြီးခဲ့တဲ့ နိုင်ငံတကာပွဲစဉ် ရက်သတ္တပတ်မှာ မက်ဆီနဲ့အတူ အာဂျင်တီးနား လက်ရွေးစင် အသင်းမှာ အတူတကွ လေ့ကျင့်ခဲ့ဖူးပြီး အာဂျင်တီးနားအသင်းနဲ့ အတူ ရှိနေစဉ်က ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာလည်း ဂါနာချိုက ရိုနယ်ဒိုဟာ ကမ္ဘာ့ဘောလုံး သမိုင်းတလျှောက် အကောင်းဆုံး ကစားသမား ဖြစ်ကြောင်း ချီးကျူးခဲ့ပါသေးတယ်။