ပြင်သစ် လီဂူးဝမ်း ထိပ်သီးကလပ် ပီအက်စ်ဂျီရဲ့ နည်းပြချုပ် ဖြစ်သူ ဂယ်လ်တီယာက ယမန်နေ့ညမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ပြင်သစ် လီဂူးဝမ်းပွဲမှာ အစဉ်အလာပြိုင်ဘက် မိုနာကိုကို အဝေးကွင်းမှာ ၃-၁ ဆိုတဲ့ ရလဒ်နဲ့ ဂိုးပြတ် ခြေပြတ် အရှုံးပေးခဲ့ရပြီးနောက် သူတို့အသင်းရဲ့ အခြေအနေဟာ စိုးရိမ်စရာကောင်းကြောင်း ဖွင့်ဟ ဝန်ခံသွားခဲ့ပါတယ်။

ပြင်သစ်ရဲ့ အင်အားအတောင့်ဆုံးအသင်း အဖြစ် သတ်မှတ်ခံထားရတဲ့ ပီအက်စ်ဂျီက ယခုနှစ် ဘောလုံးရာသီမှာ ရလဒ်ပိုင်း တည်ငြိမ်မှု အားနည်းနေပြီး ယမန်နေ့ညမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ လီဂူးဝမ်း ပွဲစဉ်(၂၃)မှာလည်း မိုနာကိုကို အဝေးကွင်းမှာ ၃-၁ ဆိုတဲ့ ရလဒ်နဲ့ အရှက်တကွဲ ရှုံးနိမ့်ခဲ့ပါတယ်။

Photo Credit: Sports Bible

မိုနာကို ၃-၁ ပီအက်စ်ဂျီ ပွဲစဉ်မှာ ပီအက်စ်ဂျီနည်းပြ ဂယ်လ်တီယာက ဒဏ်ရာတွေ အသီးသီး ရထားကြတဲ့ အမ်ဘာပေနဲ့ မက်ဆီတို့ကလွဲရင် ကျန်တဲ့ အဓိက ကစားသမား အစုံအလင်ကို ထည့်သွင်း အသုံးပြုခဲ့ပေမယ့် မက်ဆီနဲ့ အမ်ဘာပေ မပါနိုင်ချိန်မှာ ပီအက်စ်ဂျီရဲ့ တိုက်စစ်က အသက်မဲ့နေခဲ့သလို ဗာရက်တီ မပါဝင်နိုင်တဲ့ ကွင်းလယ်ပိုင်းကလည်း မိုနာကိုရဲ့ ကွင်းလယ်ကို ယှဉ်ပြိုင်နိုင်ခဲ့ခြင်း မရှိပါဘူး။

ပီအက်စ်ဂျီက လက်ရှိအထိ ပြင်သစ်လီဂူးဝမ်းရဲ့ အဆင့်(၁)နေရာကို ပြတ်ပြတ်သားသား ဦးဆောင်ထားနိုင်ဆဲ ဖြစ်တာကြောင့် မိုနာကိုကို ရှုံးနိမ့်ခဲ့တာဟာ သူတို့အသင်း အတွက် အရမ်း အထိနာခဲ့တဲ့ ရှုံးပွဲ မဟုတ်ပေမယ့် အမ်ဘာပေ ၊ မက်ဆီနဲ့ ဗာရက်တီတို့ မပါဝင်နိုင်ချိန်မှာ မိုနာကိုလို ဥရောပရဲ့ အလယ်အလတ် အဆင့် အသင်းတသင်းကို ခြေစွမ်းပိုင်း အရ အရေးနိမ့်ကာ ရှုံးနိမ့်ခဲ့တာက သူတို့အသင်းရဲ့ စိတ်ဓာတ်ပိုင်းကို အတော်လေး အထိနာစေခဲ့ပါတယ်။

Photo Credit: Sports Bible

ဒါကြောင့်ပဲ ပီအက်စ်ဂျီနည်းပြ ဂယ်လ်တီယာက အင်္ဂါနေ့ညမှာ ယှဉ်ပြိုင် ကစားရမယ့် ဘိုင်ယန်မြူးနစ်နဲ့ ချန်ပီယံလိဂ် ၁၆သင်းအဆင့် ပထမအကျော့ ပွဲစဉ်မတိုင်မီ အခုလိုမျိုး စိတ်ဓာတ်ပိုင်း ထိခိုက်ခဲ့မှု အပေါ် အတော်လေး စိုးရိမ်နေသလို သူက ဘိုင်ယန်မြူးနစ်နဲ့ ပွဲအတွက် စိတ်ပူပန်မိကြောင်း မိုနာကိုနဲ့ ပွဲအပြီးမှာ ပြောကြားသွားပါတယ်။

ဂယ်လ်တီယာက – “ကျွန်တော်တို့အသင်းရဲ့ ကစားအားက ပျောက်ဆုံးနေပါတယ်။ ဒါက အသင်းရဲ့ လက်ရှိ အခြေအနေပါပဲ။ ကျွန်တော်က ဒီအချက်ကို မဖုံးကွယ်ထားချင်ပါဘူး။ အသင်းရဲ့ အခြေအနေ အခုလိုမျိုး ဖြစ်လာတာက ထူးဆန်းပေမယ့် ဒါက ပကတိ အရှိတရားပါ။ ပီအက်စ်ဂျီနည်းပြ တယောက်အနေနဲ့ အခြေအနေဆိုးတွေကို ထုတ်မပြောချင်ပေမယ့် မပြောလို့ မဖြစ်တဲ့ အနေအထားမျိုးကို ရောက်နေပါပြီ။ ကျွန်တော်က အင်္ဂါနေ့ညမှာ ကစားရမယ့် ပွဲအတွက် စိုးရိမ်နေပါတယ်။ ဒါက အမှန်အတိုင်း ပြောတာပါ။ ကျွန်တော်က ဒီနေ့ပွဲမှာ ကစားခဲ့တဲ့ ကစားသမား တချို့ကို အဲ့ဒီပွဲမှာ ချန်လှပ်ခဲ့ပါမယ်။ ကျွန်တော်တို့က အရမ်းကို အင်အားနည်းနေပြီး စိတ်ပူပန်စရာ အနေအထားမျိုးကို ရောက်နေပါတယ်။ ဒီလိုအချိန်မျိုးမှာ ကျွန်တော်တို့က ခေါင်းအေးအေး ထားရပါမယ်” လို့ ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။