ပြင်သစ် လီဂူးဝမ်း ထိပ်သီးကလပ် ပီအက်စ်ဂျီရဲ့ နည်းပြချုပ် ဖြစ်သူ ဂယ်လ်တီယာက ယနေ့မနက် အစောပိုင်းမှာ ကစားခဲ့တဲ့ ချန်ပီယံလိဂ် အုပ်စုနောက်ဆုံးပွဲတွေ အပြီးမှာ မထင်မှတ်ပဲ အုပ်စုဒုတိယနေရာကို ​ရောက်ရှိသွားပြီးနောက် သူတို့အသင်းဟာ ရှုံးထွက်အဆင့်မှာ တွေ့ရမယ့် ဘယ်အသင်းကိုမှ မကြောက်သလို ချန်ပီယံလိဂ် ချန်ပီယံ ဖြစ်ချင်ရင် အသင်းကြီးတွေ အကုန်လုံးကို အနိုင်ယူဖို့ လိုအပ်ကြောင်း ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

ပီအက်စ်ဂျီက ချန်ပီယံလိဂ် အုပ်စုနောက်ဆုံးပွဲ အဖြစ် ဂျူဗင်တပ်ကို အီတလီမြေမှာ သွားရောက် ရင်ဆိုင် ကစားခဲ့ရာ ၁-၂ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရခဲ့ပေမယ့် တဖက်မှာ သူတို့နဲ့ ရမှတ်တူ ၊ နှစ်ကျော့ပေါင်း ရလဒ်တူတဲ့ ဘင်ဖီကာက အစ္စရေးအသင်း ဖြစ်တဲ့ မက္ကာဘီကို အဝေးကွင်းမှာ ၁-၆ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရသွားခဲ့တာကြောင့် အုပ်စုဒုတိယနေရာနဲ့သာ ရှုံးထွက်အဆင့်ဆီ တက်လှမ်းနိုင်ခဲ့ပါတယ်။

Photo Credit: Standard

ပီအက်စ်ဂျီနဲ့ ဘင်ဖီကာတို့က အုပ်စုပွဲတွေ အပြီးမှာ ရမှတ်တူ ၊ ဂိုးကွာခြားချက်တူ ၊ သွင်းဂိုးတူ ၊ ပေးဂိုးတူ ၊ နှစ်ကျော့ပေါင်း ရလဒ်တူ (နှစ်ပွဲစလုံး ၁-၁ ဆိုတဲ့ ရလဒ်နဲ့သာ ပြီးဆုံးခဲ့) ဆိုတဲ့ အနေအထားမျိုးမှာ ရှိခဲ့တာကြောင့် စည်းမျဉ်းတွေအရ အဝေးဂိုး သာထားတဲ့ ဘင်ဖီကာက အုပ်စုပထမနေရာကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။

ပီအက်စ်ဂျီက အုပ်စုဒုတိယ ဖြစ်သွားတာကြောင့် ၁၆သင်း ရှုံးထွက်အဆင့်မှာ ဘိုင်ယန်မြူးနစ် ၊ ရီးရဲလ်မက်ဒရစ် ၊ ချယ်လ်ဆီး ၊ မန်ချက်စတာ စီးတီး ၊ နာပိုလီ ၊ စပါး ၊ ပေါ်တို စတဲ့ အသင်းတွေထဲက တသင်းနဲ့ ရင်ဆိုင် ကစားရဖို့ ရှိနေပြီး ပီအက်စ်ဂျီနည်းပြ ဂယ်လ်တီယာကတော့ အုပ်စုဗိုလ်မရခဲ့လို့ စိတ်ပျက်မိပေမယ့် ဘယ်အသင်းကိုမှ မကြောက်သလို သူတို့အသင်းက အသင်းတိုင်းကို အနိုင်ယူဖို့ အဆင်သင့်ပဲလို့ ဆိုလာပါတယ်။

Photo Credit: Standard

ဂယ်လ်တီယာက – “တကယ်လို့ ကျွန်တော်တို့သာ ပြီးခဲ့တဲ့ တပတ်တုန်းက ကစားခဲ့တဲ့ ပွဲမှာသာ (ပီအက်စ်ဂျီ ၇-၂ မက္ကာဘီ) ပေးဂိုး တဂိုး နည်းခဲ့ရင် အုပ်စုဗိုလ်နေရာကို သိမ်းပိုက်နိုင်မှာပါ။ ဒါပေမယ့် ကျွန်တော်က အသင်းသားတွေရဲ့ ကြိုးစား အားထုတ်မှုနဲ့ ကစားပုံ အတွက် ပျော်ပါတယ်။ ကျွန်တော်တို့က အုပ်စုပွဲတွေမှာ အကောင်းဆုံး ခြေစွမ်းနဲ့ ကစားပုံတွေကို ထုတ်ပြနိုင်ခဲ့တယ်လို့လည်း ထင်ပါတယ်။ အခုတော့ ကျွန်တော်တို့က ထိပ်သီးအသင်းတွေနဲ့ ရင်ဆိုင် ကစားရပါတော့မယ်။ ကျွန်တော်တို့က ချန်ပီယံလိဂ် ချန်ပီယံ ဖြစ်ချင်ရင် ထိပ်သီးအသင်းတွေကို အနိုင်ယူရပါမယ်။ ကျွန်တော်တို့က နောက်တဆင့်မှာ ထိပ်သီးအသင်း တသင်းနဲ့ ရင်ဆိုင်ရလိမ့်မယ်လို့ ထင်ပါတယ်။ ကျွန်တော်တို့က ဘယ်အသင်းနဲ့ တွေ့မလဲ ဆိုတာကို တည်တည်ငြိမ်ငြိမ်နဲ့ စောင့်ရပါတော့မယ်။ ဘယ်အသင်းနဲ့တွေ့တွေ့ ကျွန်တော့် ကစားသမားတွေက အဆင်ပြေလိမ့်မယ်လို့လည်း ယုံပါတယ်။ ကျွန်တော်တို့က အဆင်သင့်ပါပဲ” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။