ပြင်သစ် လီဂူးဝမ်း ထိပ်သီးကလပ် ပီအက်စ်ဂျီရဲ့ နည်းပြချုပ် ဖြစ်သူ ဂယ်လ်တီယာကတော့ သူတို့အသင်းရဲ့ ကြယ်ပွင့် တိုက်စစ်မှူး တဦး ဖြစ်သူ နေမာဟာ အသင်းရဲ့ ကစားကွက်ပိုင်း အတွက် အရေးအပါဆုံး ကစားသမား တဦး ဖြစ်ကြောင်း ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ လိုင်ယွန် ၀-၁ ပီအက်စ်ဂျီ ပွဲစဉ်အပြီးမှာပဲ ချီးကျူးစကား ပြောကြားသွားခဲ့ပါတယ်။

ပီအက်စ်ဂျီက ပြင်သစ် လီဂူးဝမ်း ပွဲစဉ်(၈) အဖြစ် လိုင်ယွန်ကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင် ကစားခဲ့ရာ ခြေစွမ်းပိုင်းအရ သိသိသာသာ အသာစီး ရခဲ့ပေမယ့် သွင်းဂိုးတွေ ထပ်မံ သွင်းယူနိုင်ခြင်း မရှိတာကြောင့် အဓိက တိုက်စစ်မှူး မက်ဆီရဲ့ ပွဲချိန် ၅မိနစ်မှာ သွင်းယူနိုင်ခဲ့တဲ့ အစောပိုင်းသွင်းဂိုး တဂိုးထဲနဲ့အတူ ၀-၁ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရကာ ရမှတ် ၃မှတ်ကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။

အဆိုပါနိုင်ပွဲကြောင့်ပဲ ပီအက်စ်ဂျီက လီဂူးဝမ်း ပွဲစဉ်(၈) အပြီးမှာ ၈ပွဲကစား ၊ ၇ပွဲနိုင် ၊ ၁ပွဲသရေ ဆိုတဲ့ ရလဒ်ကောင်းနဲ့အတူ အမှတ်ပေးဇယားရဲ့ ထိပ်ဆုံးနေရာကို ဦးဆောင်နိုင်ခဲ့ပြီး ဒုတိယနေရာမှာ ရှိနေတဲ့ မာဆေးလ်ကိုလည်း ရမှတ် ၂မှတ် စတင် ဖြတ်တောက်နိုင်ခဲ့ပါတယ်။

လိုင်ယွန်ကို အဝေးကွင်းမှာ အနိုင်ရခဲ့တဲ့ ပွဲစဉ်အပြီးမှာ ပီအက်စ်ဂျီနည်းပြ ဂယ်လ်တီယာက မက်ဆီရဲ့ သွင်းဂိုးကို ဖန်တီးပေးနိုင်ခဲ့ရုံသာမက အသင်းရဲ့ ကစားကွက် အတက်အကျကို လိုက်လံ ထိန်းကျောင်းပေးနိုင်ခဲ့တဲ့ နေမာကို အထူးတလည် ချီးကျူးသွားခဲ့ပြီး နေမာဟာ သူတို့အသင်းရဲ့ ဟန်ချက်ကို ထိန်းညှိပေးနိုင်တဲ့ အရေးအပါဆုံး ကစားသမား ဖြစ်ကြောင်း ထုတ်ဖော် ပြောကြားသွားပါတယ်။

ဂယ်လ်တီယာက – “နေမာက ကျွန်တော်တို့အသင်းကို ဟန်ချက်ညီအောင် ထိန်းကျောင်းပေးထားတဲ့ အကောင်းဆုံး ကစားသမားပါ။ နေမာမှာ အသင်းရဲ့ ဟန်ချက်ကို ထိန်းညှိပေးနိုင်တဲ့ စွမ်းရည် ရှိသလို သူက အလုပ်လည်း ကြိုးစားပါတယ်။ ဒါကြောင့် သူက အသင်းကို မောင်းနှင်ပေးနေတဲ့ ကစားသမား ဖြစ်နေတာပေါ့။ နေမာရဲ့ ကစားပုံက အသင်းကို ဟန်ချက်ညီစေပါတယ်။ သူက သူ လုပ်ရမယ့် တာဝန်တွေကို ကျေပွန်အောင် လုပ်ဆောင်နိုင်သလို တဖက်မှာလည်း သူ့ရဲ့ နည်းစနစ်ပိုင်း ကြွယ်ဝမှုနဲ့ တောက်ပတဲ့ ကစားဟန်ကို ပြသနိုင်သူပါ။ (ပြိုင်ဘက်တွေကို လိမ်ခေါက် ဖြတ်ကျော်နိုင်မှုအား ရည်ရွယ်လျက်) သူက အသင်းရဲ့ ကစားကွက်ကို ပုံဖော်ပေးတဲ့ ပဲ့ကိုင်ရှင်ပါ။ ထိပ်တန်း ကစားသမားတွေက ဒီလိုပွဲတွေကို အကောင်းဆုံး ထိန်းချုပ် ကစားပေးနိုင်တယ် ဆိုတာ ယုံမှားသံသယ ဝင်စရာ မလိုပါဘူး။ နေမာက အသင်းအတွက် အကောင်းဆုံး ကြိုးစား ကစားပေးခဲ့တာကြောင့် လူစားလဲခံခဲ့ရချိန်မှာ အနည်းငယ် ဒေါသထွက်တာကို အပြစ်တင်နေစရာ မလိုပါဘူး။ ဒါက ပုံမှန်ပါပဲ။ သူက ထက်မြက်သလို ဒီရာသီမှာ ကြီးမားတဲ့ ရည်မှန်းချက်တွေ ထားထားတဲ့သူပါ” လို့ ချီးကျူးစကား ပြောကြားသွားခဲ့တာပါ။

Photo Credit goes to Sports Brief

Reference : Galtier’s Post Match Interview