ပြင်သစ် လီဂူးဝမ်း အင်အားကြီးအသင်း ပီအက်စ်ဂျီရဲ့ နည်းပြချုပ် ဖြစ်သူ ဂယ်လ်တီယာကတော့ ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ပီအက်စ်ဂျီ ၂-၁ နိုက်စ် ပွဲစဉ်အပြီးမှာပဲ အသင်းရဲ့ ကြယ်ပွင့် တိုက်စစ်မှူး တဦး ဖြစ်သူ လီယွန်နယ် မက်ဆီကို အထူးတလည် ချီးမွမ်းခန်း ဖွင့်သွားခဲ့ပါတယ်။

ပီအက်စ်ဂျီက လီဂူးဝမ်း ပွဲစဉ်(၉) အဖြစ် နိုက်စ်ကို အိမ်ကွင်းမှာ ဧည့်ခံ ကစားခဲ့ရာ အဓိက တိုက်စစ်မှူးတွေ ဖြစ်ကြတဲ့ မက်ဆီနဲ့ အမ်ဘာပေတို့ရဲ့ သွင်းဂိုးတွေနဲ့ အနိုင်ရလဒ်ကို ရရှိခဲ့ပြီး နိုက်စ်အတွက် သိက္ခာဆယ် ချေပဂိုးကိုတော့ တိုက်စစ်မှူး လာဘော်ဒီက သွင်းယူပေးခဲ့တာပါ။

Photo Credit: Mirror

အသက် ၃၅နှစ် အရွယ် အာဂျင်တီးနား အသင်းခေါင်းဆောင် တိုက်စစ်မှူး လီယွန်နယ် မက်ဆီက ပြီးခဲ့တဲ့ ဘောလုံးရာသီကမှ ဘာစီလိုနာကနေ ပီအက်စ်ဂျီထံ ပြောင်းရွှေ့လာသူ ဖြစ်ကာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ပီအက်စ်ဂျီနဲ့အတူ ခြေစွမ်းကောင်းတွေ ပြသနိုင်ဖို့ ရုန်းကန်ခဲ့ရပေမယ့် ယခုနှစ် ဘောလုံးရာသီမှာတော့ သူ့ရဲ့ ခြေစွမ်းကောင်းတွေကို ပြန်လည် ရှာဖွေနိုင်ခဲ့ပါတယ်။

မက်ဆီက ယခုနှစ် ဘောလုံးရာသီမှာ ပီအက်စ်ဂျီရဲ့ တိုက်စစ်လမ်းကြောင်းကို အဓိက အသက်သွင်းပေးသူ ဖြစ်ပြီး ပီအက်စ်ဂျီ အတွက် ပြိုင်ပွဲစုံမှာ ၁၂ပွဲ အထိ ပါဝင် ကစားပေးခဲ့ရာ သွင်းဂိုး ၇ဂိုး သွင်းယူထားနိုင်ကာ ဂိုးဖန်တီးမှု ၈ကြိမ် ရရှိထားပြီး သူ့ရဲ့ ခြေစွမ်းကောင်းတွေကြောင့်ပဲ ပီအက်စ်ဂျီနည်းပြ ဂယ်လ်တီယာက မက်ဆီဟာ ကမ္ဘာ့အကောင်းဆုံး ကစားသမားဆု ဖြစ်တဲ့ ရွှေဘောလုံးဆုကို နောက်ထပ်တကြိမ် ရယူနိုင်ကြောင်း နိုက်စ်နဲ့ ပွဲအပြီးမှာ ချီးကျူးစကား ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။

Photo Credit: Mirror

ဂယ်လ်တီယာက – “ကျွန်တော်ကတော့ မက်ဆီကို မနက်တိုင်း လေ့ကျင့်ရေးကွင်းမှာ တွေ့မြင်ခွင့် ရလို့ အရမ်းကို ကျေနပ်နေမိပါတယ်။ မက်ဆီက အရမ်းကောင်းအောင် ကစားပြနေသလို လေ့ကျင့်ရေးကွင်းမှာလည်း နေ့တိုင်း ပျော်ပျော်ရွှင်ရွှင်ပါပဲ။ သူက ရာသီတိုင်းမှာ သွင်းဂိုးတွေ အများကြီး သွင်းယူပြနိုင်တဲ့ ကစားသမားမျိုးပါ။ ဒီရာသီမှာတော့ သူက သူ့ရဲ့ ခြေစွမ်းကောင်းတွေကို ပြန်လည် ရှာဖွေထားနိုင်သလို သူက ကျွန်တော်တို့ အတွက် အရေးပါတဲ့ ကစားသမား တဦး ဖြစ်လာပါပြီ။ တကယ်လို့ မက်ဆီက ကမ္ဘာ့အကောင်းဆုံး ကစားသမား နောက်ထပ်တကြိမ် ပြန်ဖြစ်လာနိုင်လားလို့ မေးရင် ကျွန်တော်ကတော့ ဖြစ်နိုင်တယ်လို့ပဲ ပြောပါမယ်။ သူ့ရဲ့ ကြံ့ခိုင်မှု ကောင်းနေသေးသလို သူက ပွဲစဉ်တွေ အတွက် အကောင်းဆုံး ပြင်ဆင်ထားတဲ့ ကစားသမားပါ။ သူက အသင်းဖော်တွေနဲ့လည်း ဆက်ဆံရေး အဆင်ပြေသလို နွေးထွေးတဲ့ ဆက်ဆံရေးတွေကြောင့် သူ ပျော်ရွှင်နေပါတယ်။ သူ ပျော်ရွှင်နေရင် သူ့ဆီကနေ ခြေစွမ်းကောင်းတွေကို မြင်ရပါမယ်။ သူ ခြေစွမ်းကောင်းတွေ ပြလာနိုင်ရင် သူက သူ့ဘဝ တလျှောက်လုံး ပြသခဲ့တဲ့ အဆင့်အတန်းဆီ (ကမ္ဘာ့အကောင်းဆုံး ကစားသမားနေရာ) ပြန်ရောက်ပါလိမ့်မယ်” ဆိုပြီး ချီးကျူးသွားခဲ့တာပါ။