ပြင်သစ် လီဂူးဝမ်း ထိပ်သီးကလပ် ပီအက်စ်ဂျီရဲ့ နည်းပြချုပ် ဖြစ်သူ ဂယ်လ်တီယာက ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ပြင်သစ်ဖလား ပွဲစဉ်မှာ အသင်းအတွက် သွင်းဂိုး ၅ဂိုး အထိ သွင်းယူပေးခဲ့တဲ့ အဓိက တိုက်စစ်မှူး အမ်ဘာပေကို ဂိုးသွင်းမုဆိုးလို့ ခေါင်းစဉ်တပ်ကာ ချီးကျူးသွားခဲ့ပါတယ်။

ပီအက်စ်ဂျီက ပြင်သစ်ဖလားရဲ့ ၃၂သင်းအဆင့် ပွဲအဖြစ် ဒဲလ်ကာဆယ်ကို အဝေးကွင်းမှာ သွားရောက် ယှဉ်ပြိုင် ကစားခဲ့ရပြီး အဆိုပါပွဲမှာ ဂယ်လ်တီယာက အမ်ဘာပေ ၊ အခီတခီနဲ့ နေမာတို့ရဲ့ တိုက်စစ်အတွဲကို အသုံးပြုခဲ့ပြီး အမ်ဘာပေ တဦးထဲက သွင်းဂိုး ၅ဂိုး အထိ သွင်းယူနိုင်ခဲ့ပါတယ်။

Photo Credit: Times

နှစ်သင်းကြားမှာ ကစားသမား အင်အား ကွာခြားချက် ကြီးမားတာကြောင့် ပီအက်စ်ဂျီကပဲ ပွဲစပွဲဆုံး ဒဲလ်ကာဆယ်ဘက်ကို ဖိအားပေး ကစားသွားနိုင်ခဲ့ပြီး ပီအက်စ်ဂျီ အတွက် သွင်းဂိုးတွေကို ပွဲချိန် ၂၉မိနစ် ၊ ၃၄မိနစ် ၊ ၄၀မိနစ် ၊ ၅၆မိနစ်နဲ့ ၇၉မိနစ်တွေမှာ အမ်ဘာပေနဲ့ ပွဲချိန် ၃၃မိနစ်မှာ နေမာ ၊ ပွဲချိန် ၆၄မိနစ်မှာ ဆိုလာတို့က အသီးသီး သွင်းယူပေးခဲ့ကြပါတယ်။

ဒဲလ်ကာဆယ် ၀-၇ ပီအက်စ်ဂျီ ပွဲအပြီးမှာတော့ ပီအက်စ်ဂျီနည်းပြ ဂယ်လ်တီယာက အမ်ဘာပေကို သွင်းဂိုးတွေ ဆာလောင်နေတဲ့ ကစားသမားလို့ ချီးကျူးသွားခဲ့သလို အမ်ဘာပေရဲ့ အရည်အသွေးနဲ့ ခြေစွမ်းက တဖြည်းဖြည်းနဲ့ အမြင့်ဘက်ကို ပိုရောက်လာပြီလို့လည်း ပြောကြားသွားပါတယ်။

Photo Credit: Times

ဂယ်လ်တီယာက – “အမ်ဘာပေက ဂိုးသွင်းမုဆိုး ဖြစ်နေပါပြီ။ သူက သွင်းဂိုးတွေကို ဆာလောင်နေသလို သူ့ရဲ့ တိုက်စစ်ဆင်မှုကလည်း ကြောက်စရာ ကောင်းပါတယ်။ ကျွန်တော်က ဒီနေ့ပွဲမှာ ၅ဂိုး အထိ သွင်းယူနိုင်ခဲ့တာက သူ့ရဲ့ ယုံကြည်မှုကို ပိုတိုးလာစေတယ်လို့ မပြောချင်ပေမယ့် သူ့ရဲ့ အရည်အသွေးနဲ့ ခြေစွမ်းကတော့ ပိုပြီး တိုးတက်လာပါတယ်။ ဒီနေ့ပွဲမှာ ရခဲ့တဲ့ သွင်းဂိုးတွေက သူ့အတွက် အရေးကြီးပါတယ်။ ပြီးတော့ နေမာကလည်း ဒီနေ့ပွဲမှာ ပွဲချိန်ပြည့် ပါဝင် ကစားနိုင်ခဲ့ပါတယ်။ သူတို့နှစ်ယောက်က ဒီနေ့ပွဲမှာ အတွဲညီညီ ကစားသွားနိုင်ခဲ့ပါတယ်။ ဒါက သူတို့နှစ်ယောက်လုံး အတွက် ကောင်းတဲ့ အချက်တခုပါ” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပါ။