MySport Myanmar

နေမာကို အသင်းမှာသာ ဆက်လက်ရှိနေစေချင်တယ်လို့ PSG နည်းပြသစ် ပြောဆို

လီဂူးချန်ပီယံ ပီအက်စ်ဂျီအသင်းဟာ ဒီကနေ့မှာပဲ အသင်းနည်းပြ အပြောင်းအလဲကို လုပ်ဆောင်ခဲ့ပြီး လက်ရှိအသင်းနည်းပြ ပိုချက်တီနိုကို ရာထူးကနေ ထုတ်ပယ်ခဲ့ပြီး သူ့နေရာမှာ ခရစ္စတိုဖာဂယ်လ်ချာကို အစားထိုးခန့်အပ်သွားခဲ့ပါတယ်။ ပီအက်စ်ဂျီနည်းပြသစ် ဖြစ်လာခဲ့တဲ့ ဂယ်လ်ချာက လတ်တလောမှာ အနာဂတ် မရေမရာ ဖြစ်နေရတဲ့ တိုက်စစ်ကစားသမား နေမာကို ပီအက်စ်ဂျီမှာသာ ဆက်လက်ရှိနေချင်တယ်လို့ ထုတ်ဖော်ပြောကြားသွားခဲ့ပါတယ်။

Photo Credit : Twitter

လိုင်လီ နိုက်စ်တို့လို ပြင်သစ်လီဂူးအသင်းတွေကို ကိုင်တွယ်ခဲ့ဖူးတဲ့ နည်းပြကြီး ဂယ်လ်ချာဟာ လက်ရှိမှာတော့ လီဂူးရဲ့ အင်အားအကြီးမားဆုံး ကလပ်အသင်းကြီးဖြစ်တဲ့ ပီအက်စ်ဂျီကို ကိုင်တွယ်သွားရတော့မှာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ မက်ဆီ နေမာနဲ့ ပီအက်စ်ဂျီအသင်းမှာ လုပ်ပိုင်ခွင့်တွေ ရှိနေတယ်လို့ သတင်းထွက်နေသူ ဘာပေတို့လို ထိပ်သီး ကစားသမားတွေကို ကိုင်တွယ်အုပ်ချုပ်ရတော့မယ့် ဂယ်လ်ချာအတွက် ပီအက်စ်ဂျီနည်းပြရာထူးဟာ သူရဲ့ နည်းပြဘဝတစ်လျှောက် စိန်ခေါ်မှု အများဆုံး ရာထူးတစ်ခု ဖြစ်လာနိုင်ပြီး ဆုဖလား မျှော်လင့်ချက် demands အရမ်းများလှတဲ့ ပီအက်စ်ဂျီလို အသင်းမျိုး ကိုင်တွယ်ရတာက ဂယ်လ်ချာလို low profile နည်းပြတစ်ဦးအတွက် တကယ့်ကို စိန်ခေါ်မှုကြီး ဖြစ်နေပါလိမ့်မယ်။

Photo Credit : Twitter

ပီအက်စ်ဂျီနည်းပြသစ် ဂယ်လ်ချာအနေနဲ့ သူ့အတွက် ခေါင်းခဲစေနိုင်မယ့် ကိစ္စတစ်ခုကလည်း ပီအက်စ်ဂျီအသင်းမှာ စောင့်ကြိုလို့နေပါတယ်။ ဒါကတော့ အသင်းမှာ အနာဂတ် မရေမရာ ဖြစ်နေရတဲ့ ဘရာဇီးလ် တိုက်စစ်ကစားသမား နေမာရဲ့ အခြေအနေကို အကောင်းဆုံး လုပ်ဆောင်ပေးဖို့ဖြစ်ပြီး ဂယ်လ်ချာကတော့ နေမာကို အသင်းမှာပဲ ဆက်လက်ရှိနေချင်ပါတယ်။ နေမာရဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး နည်းပြဂယ်လ်ချာက “နေမာကို ကျွန်တော်တို့နဲ့အတူ ဒီမှာပဲ ဆက်လက်ရှိနေစေချင်ပါတယ်။ သူက ကမ္ဘာအဆင့် ကစားသမားမျိုးပါ။ ကမ္ဘာပေါ်မှာရှိတဲ့ ဘောလုံးနည်းပြတိုင်းက နေမာလို world-class ထိပ်တန်းကစားသမားမျိုးကို လိုချင်ကြပါတယ်။ နေမာကို ပီအက်စ်ဂျီမှာပဲ ထားရှိဖို့က ကျွန်တော်ရဲ့ အစီအစဉ်ထဲမှာ ပါဝင်နေတယ်ဆိုတာကို ရှင်းရှင်းလင်းလင်း တွေးထားပြီးသားပါ” လို့ ရှင်းလင်းပြောဆိုလိုက်ပါတယ်။ ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေးရှင်ဖြစ်တဲ့ နေမာကို ပီအက်စ်ဂျီအသင်းကနေ ရောင်းထုတ်ချင်နေတယ်ဆိုပြီး သတင်းတွေ ထွက်ပေါ်ထားခဲ့ပေမယ့် နေမာကိုယ်တိုင်ကတော့ ပီအက်စ်ဂျီမှာ ဆက်လက်ကစားချင်နေသလို နည်းပြသစ် ဂယ်လ်ချာကလည်း နေမာကို ပီအက်စ်ဂျီမှာပဲ ဆက်လက်ရှိနေစေချင်ပါတယ်။

Exit mobile version