ပြင်သစ် လီဂူးဝမ်း ထိပ်သီးကလပ် ပီအက်စ်ဂျီရဲ့ နည်းပြဖြစ်သူ ဂယ်လ်တီယာက ယနေ့မနက် အစောပိုင်းမှာ လီဂူးဝမ်း ပွဲစဉ်(၁၉) အဖြစ် ရန်းနက်စ်နဲ့ ကစားခဲ့ရတဲ့ ပွဲစဉ်မှာ အဓိက တိုက်စစ်မှူးတွေ ဖြစ်တဲ့ မက်ဆီ ၊ နေမာနဲ့ အမ်ဘာပေတို့ အကုန်လုံးကို ထည့်သွင်း အသုံးပြုခဲ့ပေမယ့် ၁-၀ ဆိုတဲ့ ရလဒ်နဲ့ အရှုံးပေးခဲ့ရတာကြောင့် ဒေါသထွက်ရကြောင်း ပွဲပြီး အင်တာဗျူးမှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

ရန်းနက်စ်နဲ့ ပီအက်စ်ဂျီတို့ရဲ့ ပွဲစဉ်မှာ အိမ်ရှင် ရန်းနက်စ်က အဓိက ကစားသမား အစုံအလင်ကို ထည့်သွင်း အသုံးပြုခဲ့သလို ပီအက်စ်ဂျီနည်းပြ ဂယ်လ်တီယာကလည်း အသင်းရဲ့ အဓိက တိုက်စစ်မှူး တဦး ဖြစ်သူ အမ်ဘာပေရဲ့ နေရာမှာ လူငယ်ကြယ်ပွင့် တိုက်စစ်မှူး အခီတီခီကို ထည့်သွင်း အသုံးပြုခဲ့တာကလွဲရင် ကျန်တဲ့ နေရာတွေမှာ အဓိက ကစားသမားတွေကိုသာ အသုံးပြုခဲ့ပါတယ်။

Photo Credit: Goal

အဆိုပါပွဲမှာ နှစ်သင်းစလုံးက ရလဒ်ကောင်းတွေ လိုအပ်နေတာကြောင့် ထိန်းထိန်းသိမ်းသိမ်း ကစားခဲ့ကြပြီး ရန်းနက်စ်က တန်ပြန်တိုက်စစ်တွေနဲ့ ပီအက်စ်ဂျီကို ဒုက္ခပေးဖို့ ကြိုးစားခဲ့သလို ပီအက်စ်ဂျီကလည်း မက်ဆီနဲ့ နေမာတို့ရဲ့ အတိုးအလှုပ်တွေ ကနေ ရန်းနက်စ်ဘက်ကို ဂိုးသွင်းယူဖို့ စီစဉ်ခဲ့ပါတယ်။

ဒါပေမယ့် ရန်းနက်စ်ရဲ့ အစီအစဉ်တွေကသာ အလုပ်ဖြစ်ခဲ့ပြီး ပွဲချိန် ၆၅မိနစ်မှာ ရန်းနက်စ် အသင်းခေါင်းဆောင် ထရာအိုရေးက ရန်းနက်စ် အတွက် အဖိုးတန် အနိုင်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။ တဂိုး ပေးခဲ့ရပြီးနောက် ဂယ်လ်တီယာက သူတို့ရဲ့ ကစားကွက်ကို အပြောင်းအလဲ လုပ်ခဲ့ပြီး အမ်ဘာပေ ၊ ဟာခီမီ ၊ ဆိုလာတို့လို အဓိက ကစားသမားတွေကို ထည့်သွင်းခဲ့ပေမယ့် ပီအက်စ်ဂျီဟာ လိုအပ်နေတဲ့ ချေပဂိုးနဲ့ အနိုင်ဂိုးတွေကိုတော့ မရခဲ့ပါဘူး။

Photo Credit: Goal

ရန်းနက်စ် ၁-၀ ပီအက်စ်ဂျီ ပွဲအပြီးမှာတော့ ပီအက်စ်ဂျီနည်းပြ ဂယ်လ်တီယာက သူတို့အသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲ ရှိနေလို့ ဆိုတဲ့ အကြောင်းပြချက်မျိုးကို ပေးနေလို့ မရကြောင်းနဲ့ ကစားသမားတွေ ကြားထဲမှာ ချိတ်ဆက်မှုတွေ အားနည်းနေတာကြောင့် အခုလို ရှုံးပွဲ ကြုံခဲ့ရတာ ဖြစ်ကြောင်း ပြောကြားသွားခဲ့ပါတယ်။

ဂယ်လ်တီယာက – “ကျွန်တော်တို့က ပြိုင်ဘက်ရဲ့ ခံစစ်ကြောင်းတွေ ကြားထဲမှာ ပိုကောင်းတဲ့ ကစားဟန်တွေ ၊ ချိတ်ဆက်မှုတွေ လုပ်ဆောင်နိုင်ဖို့ လိုအပ်နေပါပြီ။ ကျွန်တော်တို့က ဒီနေ့မှာ ခက်ခဲတဲ့ ပွဲတပွဲကို ရင်ဆိုင်ရမယ် ဆိုတာ ကြိုသိထားပါတယ်။ တကယ်တမ်းလည်း ကစားရ ခက်ခဲ့ပါတယ်။ ပြိုင်ဘက်ရဲ့ ဂိုးသမားက ဂိုးပေါက် ကာကွယ်မှုတွေတောင် သိပ်လုပ်ခဲ့ရမယ် မထင်ပါဘူး။ ကျွန်တော်တို့က ဒီထက် ပိုကောင်းတဲ့ ကစားဟန် ၊ ကစားအားနဲ့ ကစားသမား တယောက်နဲ့ တယောက် ကြားထဲမှာ ပိုကောင်းတဲ့ နားလည်မှုတွေ ရှိဖို့ လိုအပ်နေပါတယ်။ ကျွန်တော်က ကစားပုံအတွက် စိတ်ပူတာမျိုးတော့ မရှိပါဘူး။ ဒါပေမယ့် ကစားသမားတွေ ကိုယ်တိုင် သူတို့ရဲ့ အားနည်းချက်ကို ကိုယ်တိုင် သိဖို့ လိုအပ်ပါတယ်။ ကျွန်တော်တို့က ဆင်ခြေတွေတော့ ပေးလို့ ရပါတယ်။ ဒါပေမယ့် ဆင်ခြေတွေ မပေးချင်တော့ပါဘူး။ ကမ္ဘာ့ဖလားပြိုင်ပွဲကလည်း ပြီးသွားပါပြီ။ ကျွန်တော်တို့က ၈ပတ်လောက် မကစားခဲ့ရဘူး ဆိုရင်တောင် ဒီနေ့လိုမျိုး ခြေစွမ်းနဲ့ ကစားပုံတွေ ဖြစ်စရာ အကြောင်းကို မရှိပါဘူး” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပါ။