MySport Myanmar

ပါလ်မာအနေနဲ့ ဘာစီလိုနာအသင်းဆီ ပြောင်းရွှေ့သင့်တယ်လို့ ဂါးလက်စ် အကြံပြု

ချယ်လ်ဆီးအသင်းရဲ့ ကစားသမားဟောင်းကြီးဖြစ်သူ ဝီလီယံ ဂါးလက်စ်က ချယ်လ်ဆီးအသင်းဟာ ဒီရာသီမှာ ဆုဖလားတွေ ရယူနိုင်ခြင်း မရှိဘူးဆိုရင် အသင်းရဲ့ ကြယ်ပွင့်လေး ကိုး ပါလ်မာအနေနဲ့ အသင်းကနေ ထွက်ခွာပြီး ဘာစီလိုနာအသင်းဆီ ပြောင်းရွှေ့သင့်တယ်လို့ အံ့အားသင့်ဖွယ် အကြံပြုလိုက်ပါတယ်။

မန်စီးတီး အကယ်ဒမီထွက် ကွင်းလယ်တိုက်စစ် ကစားသမားလေး ပါလ်မာဟာ မနှစ်ကမှ မန်စီးတီးကနေ ချယ်လ်ဆီးအသင်းဆီ ပြောင်းရွှေ့လာခဲ့ပြီး အသင်းမှာ အထူး ခြေစွမ်းပြသလျက် ရှိနေပါတယ်။ ပြီးခဲ့တဲ့ ရာသီတုန်းက ချယ်လ်ဆီးကစားသမား အများအပြား အသင်းမှာ ရုန်းကန်ခဲ့ရပေမယ့် ပါလ်မာကတော့ သူတစ်ဦးတည်း ချွန်ထွက်နေခဲ့ပြီး အသင်းအတွက်လည်း အကျိုးပြုနိုင်ခဲ့ပါတယ်။

Photo Credit : Goal

ဒီရာသီထဲမှာလည်း ချယ်လ်ဆီးအသင်းအတွက် ဆက်လက် ခြေစွမ်းပြနေတဲ့ ပါလ်မာဟာ အသင်းကို အောင်မြင်မှုတွေ ရရှိအောင် စွမ်းဆောင်ပေးနိုင်တဲ့ အနေအထားမှာ ရှိနေသည့်တိုင် ချယ်လ်ဆီးက ဆုဖလားတွေနဲ့ လွဲချော်နေမယ်ဆိုရင် ပါလ်မာအနေနဲ့ ချယ်လ်ဆီးကနေ ထွက်ခွာသင့်တယ်လို့ ဂါးလက်စ်က မှတ်ချက်ပြုလိုက်ပါတယ်။

“ချယ်လ်ဆီးအသင်းက အနာဂတ်မှာ ဆုဖလားတွေ ဆွတ်ခူးနိုင်ခြင်း မရှိလာခဲ့ဘူးဆိုရင် ကိုး ပါလ်မာလည်း ချယ်လ်ဆီးကနေ ထွက်ခွာချင်လာလိမ့်မယ်။ ဒါပေမယ့် အဲ့ဒီထွက်ခွာချင်လာရင် သူ ဘယ်အသင်းဆီကို ပြောင်းရွှေ့မလဲ။ ကျွန်တော်ကတော့ သူ့အတွက် ဘာစီလိုနာအသင်းက အကောင်းဆုံးသော အပြောင်းအရွှေ့လို့ ထင်မိပါတယ်။”

Photo Credit : Sportskeeda

“ဒါပေမယ့်လည်း သူတို့ဆီမှာ လာမင်း ယာမားလ်လို လူငယ် ကစားသမားကောင်းတွေ ရှိနေပြီးတော့ နီကို ဝီလီယံစ်ကိုလည်း ခေါ်ယူနိုင်ဖွယ် ရှိနေပါတယ်။ ပါလ်မာက ပြီးခဲ့တဲ့ ရာသီတုန်းကလိုမျိုး ဒီရာသီမှာလည်း ခြေစွမ်းကောင်းတွေ ပြသနေပြီးတော့ သူက ချယ်လ်ဆီးအတွက် အခုအတိုင်း ကစားပေးနေရင်းနဲ့ အသင်းက ဘာဆုဖလားမှ မရပဲ သူ့အသင်းဖော်ဟောင်းတွေ ဖလားကိုင်မြှောက်နေတာကို မြင်တွေ့ရဖို့ ခက်ခဲပါလိမ့်မယ်။”

“တကယ်လို့ ချယ်လ်ဆီးအသင်းက ဆုဖလားတွေ ထပ်မံယူနိုင်ခဲ့ဘူးဆိုရင် ပါလ်မာအနေနဲ့ လာမယ့်နွေရာသီမှာ အသင်းနဲ့ ပြောဆို ဆွေးနွေးမှုတွေ လုပ်လာမယ်ဆိုရင် ကျွန်တော် ဒါကို အံ့သြမိမှာ မဟုတ်ပါဘူး။ အသင်းရဲ့ ပစ်မှတ်က ဘာလဲဆိုတာကို သူ ရှင်းရှင်းလင်းလင်း သိချင်လာပါလိမ့်မယ်။” လို့ ဂါးလက်စ် သုံးသပ် ပြောဆိုလိုက်ပါတယ်။

Exit mobile version