MySport Myanmar

အက်ဇေးက ဖလားတွေပိုလိုချင်လို့ စပါးထက် အာဆင်နယ်ကို ရွေးခဲ့တာလို့ ဂါးလက်စ် ဆို

အာဆင်နယ်နှင့် တော့တင်ဟမ် ဟော့စပါးအသင်းတို့မှာ ကစားခဲ့ဖူးတဲ့ နောက်ခံလူဟောင်း ဝီလီယံ ဂါးလက်စ်က ခရစ္စတယ် ပဲလေ့စ်ကြယ်ပွင့် အီဘီရီချီ အက်ဇေးဟာ ဖလားတွေ ပိုမိုဆွတ်ခူးချင်တဲ့အတွက် စပါးအသင်းကို ပယ်ချပြီး အာဆင်နယ်ကို ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း သုံးသပ်ပြောကြားလိုက်ပါတယ်။

ပဲလေ့စ်ကြယ်ပွင့် အက်ဇေးဟာ မြောက်လန်ဒန်ပြိုင်ဘက်နှစ်သင်းလုံးရဲ့ အပြိုင်စိတ်ဝင်စားမှုကို ခံခဲ့ရပြီးနောက် အာဆင်နယ်အသင်းကို ရွေးချယ်ခဲ့တာဖြစ်ပါတယ်။ ကြာသပတေးနေ့ညနှောင်းပိုင်းမှာ အာဆင်နယ်နဲ့ ပဲလေ့စ်တို့ဟာ ပေါင် (၆၇.၅)သန်း တန်ကြေးနဲ့ သဘောတူညီမှုရရှိခဲ့ပါတယ်။ သတင်းများအရ အီဇေးဟာ အစောပိုင်းက စပါးအသင်းနဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီမှုများ ရရှိထားခဲ့ပြီးမှ နောက်ဆုံးမိနစ်မှာ အာဆင်နယ်ကို ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ခဲ့တာကြောင့် စပါးတို့အတွက် အရှက်ရဖွယ်ရာ အပြောင်းအရွှေ့ ပယ်ချမှုတစ်ခု ဖြစ်ခဲ့ပါတယ်။

Photo Credit : TEAMtalk

Gambling Zone နဲ့ တွေ့ဆုံရာမှာ အသင်းဟောင်းနှစ်သင်းလုံးအတွက် ကစားခဲ့ဖူးတဲ့ ဂါးလက်စ်က အက်ဇေးရဲ့ ဆုံးဖြတ်ချက်နောက်ကွယ်က အကြောင်းရင်းကို အခုလို သုံးသပ်ခဲ့ပါတယ်။ “ဒီလိုအခြေအနေမှာ မေးစရာမေးခွန်းက အမြဲတမ်း အတူတူပါပဲ။ ကစားသမားက တကယ်ဘာလိုချင်တာလဲ။ သူက သူ့အတွက် အကောင်းဆုံးအကျိုးစီးပွားကို ကြည့်မှာပဲ။ ငွေကြေးကိစ္စလည်း ပါမှာပေါ့။ ပွဲကစားခွင့် အလုံအလောက်ရမလားဆိုတာလည်း ပါမှာပေါ့။”

“ခင်ဗျားက အက်ဇေးဆိုရင် ခရစ္စတယ် ပဲလေ့စ်မှာ အဓိကကစားသမားဖြစ်နေရာကနေ ပွဲသိပ်မကစားရမယ့် အသင်းကြီးတစ်သင်းကို ပြောင်းချင်မှာမဟုတ်ဘူး။”

Photo Credit : Goal

“စပါးအသင်း ပြီးခဲ့တဲ့နှစ်က ယူရိုပါလိဂ်ဖလား ရခဲ့တယ်ဆိုပေမယ့် လာမယ့်နှစ်အနည်းငယ်အတွင်းမှာတော့ အာဆင်နယ်နဲ့ဆိုရင် ဖလားတွေရဖို့ အခွင့်အရေး ပိုများနိုင်ပါတယ်။ အာဆင်နယ်က ပြီးခဲ့တဲ့နှစ်က ချန်ပီယံလိဂ်ဖလားနဲ့ နီးစပ်ခဲ့ပေမယ့် ပီအက်စ်ဂျီနဲ့တွေ့မှ အမှားလုပ်ခဲ့လို့ ပြိုင်ပွဲကထွက်ခဲ့ရတယ်။ ဒါကြောင့် ဒါက သူ သူ့ရဲ့ကစားသမားဘဝကို ဘယ်လိုမြင်သလဲဆိုတဲ့အပေါ်မှာ မူတည်တယ်။ ပွဲတိုင်းကစားချင်တာလား၊ ဒါမှမဟုတ် ဖလားတွေ ပိုပြီးကိုင်မြှောက်ချင်တာလားဆိုတာပါပဲ” လို့ ဂါးလက်စ်က ရှင်းပြခဲ့ပါတယ်။

အာဆင်နယ်အသင်းဆီ ပြောင်းတော့မယ့် အက်ဇေးဟာ နော်ဝေကလပ် Fredrikstad FK အသင်းနဲ့ ကစားမရယ့် ကွန်းဖရန့်စ်လိဂ် ပလေးအော့ပွဲစဉ်မှာ ပါဝင်ကစားနိုင်တယ်လို့ သတင်းထွက်ခဲ့ပေမယ့်လည်း တကယ်တမ်းမှာတော့ ပါဝင်ခဲ့ခြင်းမရှိဘဲ ဒီပွဲမှာ ပဲလေ့စ်က မာတေတာရဲ့ တစ်ဂိုးတည်းနဲ့ ကပ်အနိုင်ရခဲ့ပါတယ်။

Exit mobile version