ပရီးမီးယားလိဂ် အင်အားကြီးအသင်းတွေ ဖြစ်တဲ့ ချယ်လ်ဆီးနဲ့ အာဆင်နယ်တို့ရဲ့ ဂန္တဝင် နောက်ခံလူ တဦး ဖြစ်သူ ဝီလီယံ ဂါးလက်စ်က ယခု နွေဈေးကွက်ထဲမှာ ချယ်လ်ဆီးကနေ အာဆင်နယ်ဆီ ပြောင်းရွှေ့လာခဲ့တဲ့ ဂျာမန် တိုက်စစ်မှူး ဟားဗက်ဇ်ဟာ ဂျင်းကြီးပါလို့ ပြင်းပြင်းထန်ထန် ဝေဖန်သွားခဲ့ပါတယ်။

အသက် ၂၄နှစ် အရွယ် ဂျာမဏီ လက်ရွေးစင် တိုက်စစ်ကစားသမား ကိုင် ဟားဗက်ဇ်က အထောင်တိုက်စစ် ၊ ကွင်းလယ်တိုက်စစ်နဲ့ ဘယ်တောင်ပံ ၊ ညာတောင်ပံတွေမှာ ကစားနိုင်စွမ်း ရှိသူ ဖြစ်ပြီး အာဆင်နယ်က သူ့အတွက် ချယ်လ်ဆီးထံ ပြောင်းရွှေ့ကြေး ယူရို ၇၅သန်း ပေးချေခဲ့ရပါတယ်။

Photo Credit: Arsenal

အာဆင်နယ်က ကိုင် ဟားဗက်ဇ်ကို ၂၀၂၈ခုနှစ် အထိ သက်တမ်း ရှိတဲ့ စာချုပ်တရပ် ချုပ်ဆိုထားပြီး ကိုင် ဟားဗက်ဇ်က အာဆင်နယ်မှာ ကျောနံပါတ် ၂၉ကို ဝတ်ဆင် ကစားသွားဖို့ ရှိနေပါတယ်။

ဟားဗက်ဇ်က အာဆင်နယ်ဆီ ရောက်တာ မကြာသေးပေမယ့် ပုံမှန် ပွဲထွက်ခွင့် ရနေပြီး အာဆင်နယ်နည်းပြ အာတီတာက သူ့ကို မန်ချက်စတာ စီးတီးနဲ့ ယှဉ်ပြိုင် ကစားခဲ့တဲ့ ကွန်မြူနတီဒိုင်းပွဲမှာ ဆာကာ ၊ မာတီနယ်လီတို့နဲ့ တွဲဖက်ကာ ပွဲထုတ်ခဲ့ပါသေးတယ်။

အာဆင်နယ်က မန်ချက်စတာ စီးတီးကို ပင်နယ်တီ အဆုံးအဖြတ်နဲ့ အနိုင်ရခဲ့တဲ့ ကွန်မြူနတီဒိုင်းပွဲမှာ ဟားဗက်ဇ်က အာဆင်နယ်ရဲ့ တိုက်စစ်ကို ဦးဆောင် ကစားခွင့် ရခဲ့ပေမယ့် ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့ခြင်း မရှိသလို အပိုင် အခွင့်အရေး ၂ကြိမ်ကိုလည်း သွင်းဂိုးတွေ အဖြစ် မပြောင်းလဲနိုင်ခဲ့ပါဘူး။

Photo Credit: Standard

ဒါကြောင့်ပဲ ဘောလုံးရေးရာ သုံးသပ်သူ တချို့က ဟားဗက်ဇ်ကို တိုက်စစ်မှူး အဖြစ် မသုံးသင့်တော့ပဲ နောက်ချန်တိုက်စစ်မှူး အဖြစ်သာ သုံးသင့်ကြောင်း ထောက်ပြ ဝေဖန်နေကြပြီး ချယ်လ်ဆီးနဲ့ အာဆင်နယ်တို့ရဲ့ ဂန္တဝင် ကစားသမား ဂါးလက်စ်ကတော့ ဟားဗက်ဇ်ဟာ အာဆင်နယ်မှာ အောင်မြင်မယ့် ကစားသမားမျိုး မဟုတ်ကြောင်း ဆိုလာပါတယ်။ ဂါးလက်စ်က – “ကျွန်တော်ကတော့ ဟားဗက်ဇ်က အာဆင်နယ်မှာ အောင်မြင်မယ်လို့ မထင်ပါဘူး။ ကျွန်တော်က ဟားဗက်ဇ်ဟာ အာဆင်နယ်အတွက် လိုအပ်တဲ့ ကစားသမားမျိုးလို့ မထင်ပါဘူး။ ဟားဗက်ဇ်က ချယ်လ်ဆီးမှာ ကစားခဲ့တုန်းကတောင် ခြေစွမ်းပိုင်း တည်ငြိမ်မှု အားနည်းခဲ့ပါတယ်။ သူက အရေးပါတဲ့ သွင်းဂိုး တချို့ သွင်းယူနိုင်ခဲ့သလို တချို့အချိန်တွေမှာ ခြေစွမ်းကောင်းတွေ ပြနိုင်ခဲ့ပေမယ့် သူ့ရဲ့ စွမ်းဆောင်ရည်တွေက အကောင်းကြီး မဟုတ်ခဲ့ပါဘူး။ အာဆင်နယ်က သူ့ကို ခေါ်လိုက်တဲ့ သတင်းကို မြင်လိုက်ရတဲ့ အချိန်မှာ အတော်လေးကို အံ့ဩမိခဲ့ပါတယ်။ အာဆင်နယ်က သူ့ကို ဘာကြောင့် ခေါ်လိုက်တာလဲ ဆိုတာကို အခုထိ နားမလည်သေးပါဘူး” လို့ ပြောကြားသွားခဲ့တာပါ။