MySport Myanmar

အဲလ်ဗာရက်ဇ်ကို ခေါ်ယူဖို့ အာဆင်နယ်အသင်းထံ အကြံပြုလိုက်တဲ့ ဂါးလက်စ်

အာဆင်နယ် ကစားသမားဟောင်းကြီးဖြစ်တဲ့ ဝီလီယံ ဂါးလက်စ်က သူ့အသင်းဟောင်းအနေနဲ့ မန်ချက်စတာ စီးတီးအသင်းမှာ အနာဂတ် မရေမရာ ဖြစ်လို့နေတဲ့ အာဂျင်တီးနား တိုက်စစ်ကစားသမား ဂျူလီယန် အဲလ်ဗာရက်ဇ်ကို ခေါ်ယူသွားသင့်တယ်လို့ အကြံပြု တိုက်တွန်းမှုတွေ လုပ်ဆောင်သွားခဲ့ပါတယ်။

အသက် (၂၄)နှစ်အရွယ် အာဂျင်တီးနား ကစားသမားဟာ ၂၀၂၂ခုနှစ်ကတည်းက စီးတီးအသင်းဆီကို အာလင်း ဟာလန်းနဲ့အတူ ရောက်လာခဲ့တာဖြစ်ပြီး (၂)ရာသီအတွင်း ပြိုင်ပွဲစုံ ပွဲပေါင်း (၁၀၀)အထိ ကစားခွင့် ရခဲ့ပေမယ့်လည်း တကယ့်ပွဲကြီးတွေမှာဆိုရင်တော့ သူ့ထက် ဟာလန်းကသာ ပွဲထွက်ကစားခွင့် ပိုမို ရရှိနေပါတယ်။

Photo Credit : Clutch Points

ဒီအချက်က သူ့အတွက်တော့ စဉ်းစားစရာ ဖြစ်စေရတယ်လို့ အဲလ်ဗာရက်ဇ်က ထုတ်ဖော် ပြောဆိုခဲ့ပြီး ဒီလို ပြောဆိုမှုကိုလည်း မန်စီးတီးနည်းပြ ဂွာဒီယိုလာက စဉ်းစားပြီးရင်တော့ သူတို့ထံကို အကြောင်းကြားပါလိမ့်မယ်လို့ ပြန်လည် တုံ့ပြန်ထားခဲ့ပါသေးတယ်။ ဂွာဒီယိုလာကတော့ အဲလ်ဗာရက်ဇ်ရဲ့ ပြောဆိုထားမှုအပေါ် သဘောမတွေ့သလို ဖြစ်နေပြီး အဲလ်ဗာရက်ဇ်က အသင်းမှာ နေမပျော်တာမျိုး ဖြစ်နေတယ်ဆိုရင်လည်း အသင်းကနေ ရှင်းထုတ်လိုက်ဖို့ပါ ရှိနေပါတယ်။

ဒီလို အခြေအနေမျိုးမှာ အဲလ်ဗာရက်ဇ်ကို အသက်လက်တီကို မက်ဒရစ်အပြင် အာဆင်နယ် ချယ်လ်ဆီးနဲ့ ပီအက်စ်ဂျီအသင်းတွေကပါ စိတ်ဝင်စားမှုတွေ ရှိလာခဲ့ပြီး အာဆင်နယ်အနေနဲ့ အဲလ်ဗာရက်ဇ်လို အရည်အသွေးမြင့် တောင်အမေရိက ကြယ်ပွင့်ကစားသမားကို ခေါ်ယူသွားသင့်တယ်လို့ ဂါးလက်စ်က အကြံပြုလိုက်ပါတယ်။

Photo Credit : GOLPERU14

“ဂျူလီယန် အဲလ်ဗာရက်ဇ်က အာဆင်နယ်အသင်းအတွက် တကယ့်ကို ကောင်းမွန်လှတဲ့ ခေါ်ယူမှု ဖြစ်လာပါလိမ့်မယ်။ သူက ကမ္ဘာ့ချန်ပီယံရော ကိုပါအမေရိက ချန်ပီယံလည်း ဖြစ်တယ်။ ပရီးမီးယားလိဂ်ဖလားလည်း (၂)ခါ ဆက်တိုက် ရထားတယ်။ ချန်ပီယံလိဂ်ဖလားလည်း ရထားတယ်။ သူက အာဂျင်တီးနားအတွက်လည်း ပွဲထွက်ကစားရသလို စီးတီးရဲ့ အရေးကြီးတဲ့ ပွဲတချို့လည်း ပါဝင်ထားခဲ့ရတာမို့ အာဆင်နယ်အသင်းအတွက်ကိုလည်း နိုင်ပွဲ အတွေ့အကြုံတွေ ပေးနိုင်ပါလိမ့်မယ်။”

“အဲလ်ဗာရက်ဇ် ကိုယ်တိုင်က ပွဲချိန် မိနစ်များများ ကစားပြီး သူရဲ့အမြင့်ဆုံးအဆင့်ဆီ ရောက်ချင်နေတဲ့ ကစားသမားတစ်ဦးလို ဖြစ်နေတာမို့ အာဆင်နယ်ကို ဆွဲတင်ပေးနိုင်မှာပါ။ သူက တစ်ရာသီအတွင်းမှာ ဂိုး(၂၀)လောက် သွင်းနိုင်ပါ့မလားဆိုတာ မသေချာပေမယ့် တောင်ပံနှစ်ဖက်လုံးမှာရော နောက်ချန် တိုက်စစ်နေရာမှာ အရမ်းလွှမ်းမိုးအောင် ကစားနိုင်တဲ့သူပါ။” လို့ မှတ်ချက်ပြု ပြောဆိုသွားခဲ့ပါတယ်။

Exit mobile version