ပရီးမီးယားလိဂ် နာမည်ကြီး ကစားသမားဟောင်းတဦး ဖြစ်သူ ဝီလီယံ ဂါးလက်စ်ကတော့ အာဆင်နယ်အသင်း အနေနဲ့ စပိန်လူမျိုးနည်းပြ အာတီတာကို ခန့်အပ်ခဲ့တာဟာ အတော်ကို မှားယွင်းတဲ့ ဆုံးဖြတ်ချက်ဖြစ်ကြောင်း ဝေဖန်သွားခဲ့ပါတယ်။ အာဆင်နယ်အသင်းဟာ ၂၀၁၉ခုနှစ်မှာ အသင်းရဲ့ နည်းပြဟောင်း အမ်မရီကို ရာထူးကနေ ထုတ်ပယ်ပြီးနောက် မန်ချက်စတာ စီးတီးအသင်းမှာ လက်ထောက်နည်းပြ အဖြစ် တာဝန်ထမ်းဆောင်နေတဲ့ အသင်းရဲ့ ကွင်းလယ် ကစားသမားဟောင်း အာတီတာကို အသင်းရဲ့ နည်းပြအဖြစ် ခန့်အပ် တာဝန်ပေးခဲ့တာ ဖြစ်ပြီး အာတီတာရဲ့ လက်အောက်မှာ အာဆင်နယ်အသင်းဟာ အက်ဖ်အေဖလား တလုံးနဲ့ ကွန်မြူနတီဒိုင်း တခု တို့ကို ရယူနိုင်ခဲ့ပါတယ်။

Photo Credit: The Times

ဒါပေမယ့် ယခုနှစ် ဘောလုံးရာသီမှာ အာဆင်နယ်အသင်းဟာ စွမ်းဆောင်ရည် အတော်လေးကို နိမ့်ကျခဲ့ပြီး ယူရိုပါလိဂ်ပြိုင်ပွဲမှာ ဆီမီးဖိုင်နယ်အဆင့် ကနေ ထွက်ခွာခဲ့ရသလို ပရီးမီးယားလိဂ် ပြိုင်ပွဲမှာလည်း အဆင့်၈သာ ရခဲ့တာကြောင့် လာမယ့် ဘောလုံးရာသီမှာ ဥရောပပြိုင်ပွဲတွေကို ဝင်ရောက် ယှဉ်ပြိုင်ခွင့်နဲ့ လွဲချော်ခဲ့ပါတယ်။ ဒါကြောင့်ပဲ အာဆင်နယ်အသင်းရဲ့ ပရိသတ်တွေဟာ အာတီတာကို အသင်းကနေ ထွက်သွားဖို့ တောင်းဆိုမှုတွေ ရှိခဲ့ပေမယ့် အာဆင်နယ်အသင်းရဲ့ ဘုတ်အဖွဲ့ကတော့ အာတီတာကို ထောက်ခံနေဆဲ ဖြစ်ကြောင်း တရားဝင် ထုတ်ပြန် ကြေညာထားပါတယ်။ အာဆင်နယ်အသင်းမှာ ၄နှစ်ကြာအောင် ကစားခဲ့ဖူးတဲ့ နောက်ခံလူဟောင်း ဂါးလက်စ်ကတော့ အာတီတာဟာ အာဆင်နယ်အသင်းကို ကိုင်တွယ်ရလောက်အောင် အရည်အချင်း မရှိဘူးလို့ ယုံကြည်နေပါတယ်။

Photo Credit: The Times

အာဆင်နယ်အသင်း အနေနဲ့ အာတီတာကို အသင်းရဲ့ နည်းပြအဖြစ် မခန့်အပ်သင့်ကြောင်းကို ဂါးလက်စ်က – “မီခယ် အာတီတာက အခုချိန်အထိ အာဆင်နယ်လို အသင်းကြီးမျိုးကို ကိုင်တွယ်နိုင်တဲ့ အရည်အချင်း မရှိသေးပါဘူး။ သူက မန်ချက်စတာ စီးတီးအသင်းမှာ လက်ထောက်နည်းပြ လုပ်ခဲ့ပါတယ်။ ဒါပေမယ့် သူက အသင်းတသင်းကို ဦးဆောင်ပြီး မကိုင်တွယ်ဖူးပါဘူး။ ဒီနှစ်ခုက အတော်လေး ကွဲပြားပါတယ်။ ဘုတ်အဖွဲ့က သူ့ကို ခန့်အပ်ခဲ့တာဟာ အတော်လေးကို မှားယွင်းတယ်လို့ ပြောချင်ပါတယ်။ သူက ကောင်းမွန်တဲ့ နည်းပြတဦး ဖြစ်လာမယ်လို့တော့ ကျွန်တော် ထင်ပါတယ်။ ဒါပေမယ့် ခင်ဗျားဟာ အသင်းကြီး တသင်းကို ကိုင်တွယ်ဖို့ဆိုရင် အတွေ့အကြုံတွေ အများကြီး ရှိဖို့ လိုပါတယ်။ ရိုးရိုးသားသား ပြောရရင် အဆင့်၈ နေရာမှာ ရပ်တည်ခဲ့တာဟာ အာဆင်နယ်အသင်း ပရိသတ်တွေ အတွက် တကယ်ကို ကြီးမားတဲ့ အရှက်ရစရာ ကိစ္စကြီးပါ” လို့ ပြောကြား သွားခဲ့ပါတယ်။