တူရကီ ထိပ်သီးကလပ် ဂါလာတာစာရေးအသင်းက မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ကွင်းလယ် ကစားသမား ဒွန်နီ ဗန်ဒီဘိခ်ကို တစ်ရာသီ အငှားစာချုပ်နဲ့ ခေါ်ယူသွားဖို့အတွက် ယူနိုက်တက်အသင်းနဲ့ပါ ဆွေးနွေး ညှိနှိုင်းမှုတွေ လုပ်ဆောင်နေတယ်လို့ သတင်းထွက်ပေါ်လာခဲ့ပါတယ်။
ဂါလာတာစာရေးအသင်းဟာ ယူနိုက်တက်ကနေ ဖရက်ဒ်ကို ခေါ်ယူဖို့ ကြိုးပမ်းခဲ့ဖူးပေမယ့်လည်း ဖရက်ဒ်ကို ဖီနာဘာချီက ကြားဖြတ် ခေါ်ယူသွားခဲ့တာကြောင့် အခု ဗန်ဒီဘိခ်ကိုပါ ထပ်မံ ချိန်ရွယ်လာခဲ့ပြီး စျေးကွက်မပိတ်ခင်မှာ အငှားနဲ့ ခေါ်ယူနိုင်ဖို့ ကြိုးပမ်းလာခဲ့ပါတယ်။
Photo Credit : Premier League
အသက် (၂၆)နှစ်အရွယ် နယ်သာလန် ကွင်းလယ်လူ ဗန်ဒီဘိခ်ဟာ လွန်ခဲ့တဲ့ ၂၀၂၀ခုနှစ်ကတည်းက အေဂျက်စ်ကနေ မန်ယူနိုက်တက်အသင်းဆီ ရောက်ရှိခဲ့တာ ဖြစ်ပေမယ့်လည်း အသင်းမှာ ပုံမှန်ကစားခွင့်တွေ မရရှိခဲ့သလို ခြေစွမ်းပြဖို့ပါ ရုန်းကန်လာခဲ့ရပါတယ်။ ဒါကြောင့် ယူနိုက်တက်က ဒီစျေးကွက်ထဲမှာပဲ ဗန်ဒိဘိခ်ကို စွန့်လွတ်လိုက်ဖို့ စီစဥ်လာခဲ့ပါတယ်။
ဒီလို ရောင်းချဖို့ စီစဥ်ထားပေမယ့်လည်း အေဂျက်စ် ကစားသမားဟောင်း ဗန်ဒီဘိခ်ကို ကလပ်အသင်းများစွာက အငှားစာချုပ်နဲ့သာ ခေါ်ယူချင်နေပြီး ကစားသမား ကိုယ်တိုင်ကလည်း ယူနိုက်တက်မှာ ဆက်လက် ရှိနေချင်ပေမယ့် ပွဲကစားခွင့်တွေက ဆက်လက် ဆုံးရှုံးနေဦးမှာမို့ ဒီနွေမှာပဲ အသင်းအပြောင်းအလဲ လုပ်ဖွယ် ရှိနေပါတယ်။
Photo Credit : Football Transfer
လက်ရှိမှာတော့ ဗန်ဒီဘိခ်ကို ဂါလာတာစာရေး ၊ လော်ရီးယန့် နဲ့ ဂျီနိုအာအသင်းတို့က အငှား ကမ်းလှမ်းမှုတွေနဲ့ ခေါ်ယူချင်နေပြီး ဒီအသင်းတွေထဲမှာ ချန်ပီယံလိဂ်ပြိုင်ပွဲကြီးကို ဆင်နွဲခွင့် ရရှိထားတဲ့ ဂါလာတာစာရေးက ဗန်ဒီဘိခ်ရဲ့ အသင်းသစ် ဖြစ်လာဖို့ အလားအလာ အကောင်းဆုံး ဖြစ်နေရပါတယ်။
ဂါလာတာစာရေးက ဖရက်ဒ်ကိုလည်း မခေါ်နိုင်ခဲ့သလို အသင်းရဲ့ ကွင်းလယ်လူ ဇန်နီအိုလိုကိုပါ အက်စတွန်ဗီလာအသင်းဆီ လက်လွတ်ထားခဲ့ရတာကြောင့် ဗန်ဒီဘိခ်ကို အရ ခေါ်ယူဖို့ အသေအချာ ကြိုးပမ်းသွားဖို့ ရှိနေပြီး ယူနိုက်တက်ဘက်ကလည်း ဂါလာတာစာရေးရဲ့ ကြိုးပမ်းမှုကိုလည်း လက်ခံသွားဖွယ်လည်း ရှိနိုင်ပါတယ်။