MySport Myanmar

ဈေးကွက်မပိတ်ခင် ကစားသမားသစ်တွေ ခေါ်ယူသွားဖို့ ရှိနေတဲ့ ဂါလာတာစာရေး

တူရကီ စူပါလိဂ်ကလပ် ဂါလာတာစာရေးအသင်းဟာ တူရကီ အပြောင်းအရွေ့ဈေးကွက် မပိတ်သိမ်းခင် (၂)ရက်အလိုမှာ ကစားသမားသစ်တွေ ဆက်တိုက် ခေါ်ယူသွားဖို့ ပြင်ဆင်နေပြီး အက်စတွန်ဗီလာအသင်းရဲ့ ဘရာဇီးလ် တိုက်စစ်ကစားသမား ဖီလစ်ပီကော်တင်ဟိုနဲ့ ရိုးမား ကွင်းလယ်လူ ဇာနီအိုလိုတို့ကို ခေါ်ယူသွားဖွယ် ရှိနေတယ်လို့ သိရပါတယ်။

Photo Credit : Daily Mail

လက်ရှိမှာ ဥရောပရဲ့ ဘောလုံးသမား အပြောင်းအရွေ့ဈေးကွက် အများစုက ပိတ်သိမ်းသွားခဲ့ပြီ ဖြစ်ပေမယ့်လည်း တူရကီဘက်မှာတော့ ဖေဖော်ဝါရီ (၈)ရက်နေ့အထိကို အပြောင်းအရွေ့ လုပ်ဆောင်လို့ ရနေသေးတာကြောင့် ဒီရက်ပိုင်းအတွင်းမှာပဲ တူရကီကလပ်တွေရဲ့ အပြောင်းအရွေ့တွေက ခပ်စိတ်စ်တ်ကို ဖြစ်ပေါ်လို့နေပါတယ်။ အခုလည်း တူရကီ ထိပ်သီး ကလပ်အအသင်းကြီး ဂါလာတာစာရေးအသင်းကပါ ဈေးကွက်မသိမ်းခင် ရက်ပိုင်းအတွင်း ဥရောပက ကစားသမားတချို့ကို အသင်းဆီ အရ ခေါ်ဆောင်သွားဖို့ ပြင်ဆင်လာခဲ့ပါတယ်။

လက်ရှိ ဂါလာတာစာရေးအသင်းနဲ့ အပြောင်းအရွေ့သတင်းတွေ အထွက်ပေါ်ဆုံးကတော့ ရိုးမားရဲ့ အီတလီ ကွင်းလယ်လူ နီကိုလိုဇာနီအိုလိုပါ။ ဆောင်းရာသီ အပြောင်းအရွေ့တစ်လျှောက်လုံး အသင်းတော်တော်များများနဲ့ သတင်းထွက်ပေါ်ခဲ့ပြီး ဘုန်းမောက်အသင်းနဲ့ပါ သတင်းထွက်ခဲ့ရတဲ့ ဇာနီအိုလိုဟာ ဈေးကွက်ပိတ်သွားချိန်မှာတောင် ဘယ်အသင်းမှ မပြောင်းရွေ့ဖြစ်ပဲ ရိုးမားမှာသာ သောင်တင်နေခဲ့တာကြောင့် သူ့ကို ကစားသမား အပြောင်းအရွေ့ လုပ်ဆောင်လို့ ရနေသေးတဲ့ ဂါလာတာစာရေးအသင်းက ချဉ်းကပ်လာခဲ့တာ ဖြစ်ပါတယ်။ ကနဦး ထွက်ပေါ်ထားချက်တွေအရ ဂါလာတာစာရေးက ဇာနီအိုလိုကို အငှားနဲ့ ကမ်းလှမ်းမယ်လို့ သိရပေမယ့်လည်း လက်ရှိမှာတော့ ယူရို(၂၂)သန်း+အပိုဆုကြေးတွေနဲ့သာ အပြီးသတ် ခေါ်ယူဖို့သာ ကမ်းလှမ်းသွားမှာဖြစ်ပြီး ရိုးမားနဲ့ လက်တွဲဖြုတ်ချင်နေတဲ့ ဇာနီအိုလိုကလည်း ဂါလာတာစာရေးအသင်းဆီ ပြောင်းရွေ့သွားချင်နေပါတယ်။ ဂါလာတာစာရေးကတော့ ဇာနီအိုလိုအပြင် ဗီလာမှာ ပုံမှန် ပွဲကစားခွင့်တွေ နည်းပါးနေရတဲ့ ကော်တင်ဟိုကိုပါ ရာသီကုန်အထိ အငှားစာချုပ်နဲ့ ခေါ်ယူသွားဖို့လည်း ရှိနေပါတယ်။ လာမယ့် ဖေဖော်ဝါရီ (၈)ရက်နေ့ တူရကီ အပြောင်းအရွေ့့ နောက်ဆုံးရက်မှာတော့ ဂါလာတာစာရေးအသင်းအနေနဲ့ ကစားသမားသစ် အနည်းဆုံး (၃)ဦးခန့်လောက် ခေါ်ယူနိုင်ဖွယ် ရှိနေပါတယ်။

Exit mobile version