MySport Myanmar

ဖရက်ကို ကြိုးပမ်းနေရင်း အမ်ဒွန်ဘီလီကိုပါ မျက်စိကျလာတဲ့ ဂါလာတာစာရေး

တူရကီ ထိပ်သီးကလပ် ဂါလာတာစာရေးအသင်းက မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ကွင်းလယ်လူ ဖရက်ကို ခေါ်ယူဖို့ ကြိုးပမ်းနေရင်းနဲ့ တော့တင်ဟမ် ဟော့စပါး ကွင်းလယ် ကစားသမား အမ်ဒွန်ဘီလီကိုပါ စိတ်ဝင်စားလာခဲ့တယ်လို့ သိရှိရပါတယ်။

ဂါလာတာစာရေးအသင်းက ပရီးမီးယားလိဂ် ကလပ်အသင်းတွေ ရှင်းထုတ်ချင်နေတဲ့ ကစားသမားတွေကို ဈေးပေါပေါနဲ့ ခေါ်ယူဖို့ စီစဉ်နေတာဖြစ်ပြီး အခုလည်း ကွင်းလယ်ပိုင်းအတွက် ဖရက် နဲ့ အမ်ဒွန်ဘီလီတို့ နှစ်ဦးလုံးကို စိတ်ဝင်စားနေပါတယ်။

Photo Credit : Football365

ဂါလာတာစာရေးက ယူနိုက်တက်ရဲ့ ဘရာဇီးလ် ကွင်းလယ် ကစားသမား ဖရက်ကို အသင်းအတွက် ဦးစားပေး ပစ်မှတ်အဖြစ် သတ်မှတ်ထားတာ ဖြစ်ပေမယ့်လည်း ဖရက်အတွက် ကနဦး ကမ်းလှမ်းမှုက ပယ်ချထားခံခဲ့ရသလို ဆွေးနွေးမှုတွေ ရှိနေပေမယ့်လည်း ခုထိတော့ အခြေအနေ တိုးတတ်မလာသေးပဲ ဖြစ်နေရပါတယ်။

ဒီအချိန်မှာ ဂါလာတာစာရေးအသင်းရဲ့ ရေဒါထဲကို ပြင်သစ် ကွင်းလယ်လူ အမ်ဒွန်လီလီ ရောက်လာပါတော့တယ်။ လိုင်ယွန် ကစားသမားဟောင်း အမ်ဒွန်ဘီလီက စပါးအသင်း စံချိန်တင် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူထားခဲ့ရသူ ဖြစ်ပေမယ့်လည်း သူရဲ့ခြေစွမ်းပိုင်းတွေကြောင့် အသင်းမှာ နေရာပျောက်နေရသလို အနာဂတ် အခြေအနေကလည်း ဝေဝါးလျက် ရှိနေပါတယ်။

Photo Credit : Twitter

၂၀၁၉ခုနှစ်ကတည်းက စပါးအသင်းဆီကို ယူရို (၆၂)သန်း (အဲ့ဒီအချိန်က စပါးရဲ့ ပြောင်းရွှေ့ကြေး အမြင့်ဆုံး)နဲ့ ရောက်ရှိလာခဲ့တဲ့ ကွင်းလယ်လူ အမ်ဒွန်ဘီလီဟာ စပါးမှာ ပုံမှန် ခြေစွမ်းပြဖို့ ရုန်းကန်ခဲ့ရတာကြောင့် အသင်းဟောင်း လိုင်ယွန် နဲ့ နာပိုလီအသင်းတွေမှာပါ အငှား သွားရောက် ကစားခဲ့ရပါတယ်။

အခု နာပိုလီနဲ့ အငှားသက်တမ်း ပြည့်သွားလို့ စပါးအသင်းဆီ ပြန်ရောက်လာခဲ့ပေမယ့် အခုချိန်ထိ အသင်းရဲ့ ရာသီကြို အစီအစဉ်တွေထဲမှာပါ လုံးဝ မပါဝင်နိုင်သေးတဲ့ အမ်ဒွန်ဘီလီကို ဂါလာတာစာရေးက ပေါင် (၁၁)သန်းနဲ့ ခေါ်ယူဖို့ စီစဉ်ထားပါတယ်။ တကယ်လို့ ဂါလာတာစာရေးက အမ်ဒွန်ဘီလီကိုသာ ခေါ်ယူနိုင်မယ်ဆိုရင် ဖရက်ကို ခေါ်ယူဖို့ ကြိုးပမ်းမှုကို အဆုံးသတ်ဖွယ် ရှိနေပါတယ်။

Exit mobile version