တူရကီ ထိပ်သီးကလပ် ဂါလာတာစာရေးက ယခုနှစ် ဘောလုံးရာသီ အကုန်မှာ မန်ချက်စတာ ယူနိုက်တက် ကနေ ထွက်ခွာခွင့် ရထားတဲ့ ကွင်းလယ်လူ အဲရစ်ဆင်ကို ခေါ်ယူဖို့ ကြိုးစားနေကြောင်း ယုံကြည်ရတဲ့ သတင်းရင်းမြစ်တွေက အခိုင်အမာ ဖော်ပြလာကြပါတယ်။

အသက် ၃၁နှစ် အရွယ် ဒိန်းမတ်လက်ရွေးစင် ကွင်းလယ်လူ အဲရစ်ဆင်က ပြီးခဲ့တဲ့ ဘောလုံးရာသီကမှ ဘရန့်ဖို့ဒ် ကနေ မန်ချက်စတာ ယူနိုက်တက်ထံ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့လာသူ ဖြစ်ပြီး မန်ချက်စတာ ယူနိုက်တက်က သူ့ကို ၃နှစ် သက်တမ်း ရှိတဲ့ စာချုပ်တရပ် ချုပ်ဆိုထားပါတယ်။

Photo Credit: Goal

အဲရစ်ဆင်က သူ့ရဲ့ ယူနိုက်တက် ကစားသမားဘဝ ပထမဦးဆုံး ဘောလုံးရာသီမှာ ယူနိုက်တက်နဲ့အတူ ကာရာဘောင်းချန်ပီယံ ဖြစ်ခဲ့သလို ဘရူနို ဖာနန်ဒက်စ် ၊ ကတ်စ်မဲရိုး စတဲ့ ကစားသမားတွေနဲ့ တွဲဖက်ကာ အသင်းရဲ့ အဓိက ကွင်းလယ်လူ အဖြစ် ကစားခွင့် ရခဲ့ပေမယ့် ယခုနှစ် ဘောလုံးရာသီမှာတော့ ပုံမှန် ကစားခွင့် ရဖို့ ရုန်းကန်နေရပါတယ်။

အဲရစ်ဆင်က ကွင်းလယ်တိုက်စစ်နဲ့ ဗဟိုကွင်းလယ် နှစ်နေရာစလုံးမှာ ကစားနိုင်စွမ်း ရှိတဲ့ တိုက်စစ်အားသန် ကွင်းလယ်လူ ဖြစ်ပေမယ့် သူ့ရဲ့ နှလုံးရောဂါအခံကြောင့် ပွဲချိန်ပြည့် ဝင်ကစားဖို့ ခက်ခဲသလို မြန်နှုန်းမြင့် ကစားဟန်နဲ့ ကစားတတ်တဲ့ ပြိုင်ဘက်တွေနဲ့ ရင်ဆိုင်ရရင်လည်း ခြေစွမ်းကျဆင်းသွားတတ်ပါတယ်။

Photo Credit: Team Talk

ဒါကြောင့်ပဲ ယူနိုက်တက်နည်းပြချုပ် အဲရစ် တန်ဟက်ဂ်က အဲရစ်ဆင်ကို ဒီရာသီမှာ အရန် ကွင်းလယ်လူ အဖြစ်သာ အသုံးပြုနေသလို မန်ချက်စတာ ယူနိုက်တက်ရဲ့ တာဝန်ရှိသူတွေကလည်း အဲရစ်ဆင်ကို လာမယ့် နွေဈေးကွက်မှာ ရောင်းချဖို့ ဆုံးဖြတ်ထားပါတယ်။

နာမည်ကြီး သတင်းထောက် တဦး ဖြစ်သူ ရိုင်ယန် တေလာရဲ့ ဖော်ပြချက်အရ ယူနိုက်တက်ဟာ လာမယ့် နွေဈေးကွက်မှာ အဲရစ်ဆင်ကို ရောင်းချဖို့ ဆုံးဖြတ်ချက် ချလိုက်ပြီး တူရကီ ထိပ်သီးကလပ် ဂါလာတာစာရေးက အဲရစ်ဆင်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေသလို ဂါလာတာစာရေးရဲ့ တာဝန်ရှိသူတွေက အဲရစ်ဆင်ရဲ့ ကိုယ်စားလှယ်တွေထံ ချိတ်ဆက်မှုတွေပါ လုပ်နေကြောင်း သိရှိရပါတယ်။