တူရကီ ထိပ်သီးကလပ် ဂါလာတာစာရေးအသင်းက စပိန် ဝါရင့် နောက်ခံ ကစားသမားကြီး ဆာဂျီယို ရာမို့စ်ကို free transfer နဲ့ ခေါ်ယူသွားဖို့အတွက် စိတ်ဝင်စားလျက် ရှိနေတယ်လို့ စပိန်သတင်းထောက် တစ်ဦးက ဖော်ပြလာခဲ့ပါတယ်။

အသက် (၃၇)နှစ်အရွယ်ရှိ စပိန်လက်ရွေးစင်ဟောင်း ခံစစ် ကစားသမားကြီး ရာမို့စ်က ပီအက်စ်ဂျီအသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးပြီးချိန် အသင်းလက်မဲ့ ကစားသမားအဖြစ် ရှိနေရပြီး ကစားသမားဘဝကို အနားယူဖို့ မရှိသေးပဲ အသင်းသစ် တစ်သင်းသင်းဆီကိုသာ ပြောင်းရွှေ့ချင်နေပါတယ်။

Photo Credit : The Real Champ

ရီးယဲလ် မက်ဒရစ်အသင်းမှာ နှစ်ပေါင်းများစွာ ကျင်လည်ခဲ့ဖူးတဲ့ ရာမို့စ်က ရီးယဲလ်နဲ့ လမ်းခွဲချိန်မှာ ပီအက်စ်ဂျီအသင်းဆီ (၂)နှစ်စာချုပ်နဲ့ ပြောင်းရွှေ့ခဲ့ရင်း လက်ရှိမှာလည်း ပီအက်စ်ဂျီနဲ့က စာချုပ် သက်တမ်း ကုန်ဆုံးပြီမို့ free agent player အဖြစ်နဲ့သာ ရှိနေရပါတယ်။

ရာမို့စ်လို ဥရောပ အတွေ့့အကြုံရင့် ကစားသမားကြီးကို ကလပ်အသင်း အမြောက်အများက စိတ်ဝင်စားနေကြပြီး မေဂျာလိဂ် ကလပ် အင်တာ မိုင်ယာမီအသင်း နဲ့ သူရဲ့ ပထမဆုံး အသင်းဟောင်း ဆီဗီလာတို့နဲ့ သတင်းတွေ ထွက်ပေါ်နေတာ ဖြစ်ပါတယ်။

Photo Credit : Football Espana

ဒါပေမယ့်လည်း လက်ရှိအချိန်ထိ ရာမို့စ်ရဲ့ အသင်းသစ်က ဘယ်အသင်း ဖြစ်လာမလဲဆိုတာ သေချာ မသိရသေးပဲ ရာမို့စ်နဲ့ ပတ်သက်တဲ့ အပြောင်းအရွှေ့ သတင်းတွေပါ ငြိမ်သက်သွားချိန်မှာ ရာမို့စ်ကို ဂါလာတာစာရေးအသင်းက စတင် စိတ်ဝင်စားလာပါတော့တယ်။

ဂါလာတာစာရေးက ယခင်ကတည်းက ဥရောပရဲ့ သက်ကြီး ကစားသမားတွေကို ခေါ်ယူတက်တဲ့ အစဉ်အလာတွေ ရှိခဲ့ဖူးသလို အခုလည်း ဇာဟာ အီကာဒီတို့လို ကစားသမားကောင်းတွေ ဖြည့်တင်းထားပြီး အစ္စတန်ဘူလ် အခြေစိုက်အသင်းက ချန်ပီယံလိဂ်ပါ ဆင်နွဲရဖို့ ရှိနေတာကြောင့် ရာမို့စ်အနေနဲ့ ဂါလာတာစာရေးအသင်းမှာ ကစားသမားဘဝကို ဆက်လက် ဖြတ်သန်းဖွယ် ရှိနိုင်ပါတယ်။