MySport Myanmar

အိုဆီမန်ကို အငှားနဲ့ ခေါ်ယူသွားဖို့ ဆွေးနွေးမှု လုပ်ဆောင်နေတဲ့ ဂါလာတာစာရေး

တူရကီ ထိပ်သီးကလပ် ဂါလာတာစာရေးအသင်းဟာ တူရကီလိဂ် နွေဈေးကွက် မပိတ်သိမ်းခင် ကာလအတွင်းမှာပဲ နာပိုလီအသင်းရဲ့ နိုင်ဂျီးရီးယား တိုက်စစ်မှူး ဗစ်တာ အိုဆီမန်ကို အငှားစာချုပ်နဲ့ ခေါ်ယူသွားဖို့အတွက် ဆွေးနွေးမှုတွေ လုပ်ဆောင်နေတယ်လို့ သတင်းထွက်ပေါ်လာခဲ့ပါတယ်။

အသက် (၂၅)နှစ်အရွယ် နိုင်ဂျီးရီးယား လက်ရွေးစင် တိုက်စစ်ကစားသမား အိုဆီမန်ဟာ ဒီနွေမှာ နာပိုလီကနေ ထွက်ခွာဖို့ အလွန် နီးစပ်ခဲ့ပြီး သူ့ကိုလည်း ပီအက်စ်ဂျီ ချယ်လ်ဆီးနဲ့ ဆော်ဒီကလပ် အယ်လ်အာလီအသင်းတို့က ခေါ်ယူဖို့ ကြိုးပမ်းမှုတွေ လုပ်ဆောင်ခဲ့ပါသေးတယ်။

Photo Credit : BBC

ဒါပေမယ့် ပီအက်စ်ဂျီအသင်းရဲ့ ကြိုးပမ်းမှုမှာ နာပိုလီဘက်က တောင်းဆိုမှုတွေ များလွန်းတာကြောင့် အပြောင်းအရွှေ့က ပျက်ခဲ့ရသလို ချယ်လ်ဆီးနဲ့ အယ်လ်အာလီတို့ရဲ့ ကြိုးပမ်းမှုတွေမှာတော့ အိုဆီမန်ဘက်က လုပ်ခလစာ တောင်းဆိုမှုကြောင့် အဆင်မပြေ ဖြစ်ခဲ့ရပြီး အပြောင်းအရွှေ့တွေက ပေါ်ပေါက်မလာပဲ ဖြစ်ခဲ့ရပါတယ်။

နာပိုလီက အိုဆီမန်ကို နွေဈေးကွက် မပိတ်ခင်မှာပဲ အယ်လ်အာလီ ဒါမှမဟုတ် ချယ်လ်ဆီးအသင်းဆီ ရောင်းချလိုက်ချင်ပေမယ့် မရောင်းချလိုက်နိုင်တာကြောင့် နာပိုလီဘက်က အသင်းရဲ့ ကစားသမားစာရင်းကနေ အိုဆီမန်ကို ဖယ်ရှားခဲ့ပြီး အိုဆီမန်ဟာလည်း နာပိုလီရဲ့ စီးရီးအေ ကစားသမားစာရင်းမှာ မပါဝင်နိုင်ပဲ ဖြစ်ခဲ့ရပါတယ်။

Photo Credit : Sky Sports

ဒီလို အခြေအနေမှာ စက်တင်ဘာ (၁၃)ရက်နေ့အထိ ကစားသမား ခေါ်ယူမှုတွေ လုပ်ဆောင်လို့ရနေသေးတဲ့ ဂါလာတာစာရေးအသင်းက အိုဆီမန်ကို အငှားစာချုပ်နဲ့ ခေါ်ယူဖို့ စိတ်ဝင်စားလာခဲ့ပြီး ဆွေးနွေးမှုတွေလည်း လုပ်ဆောင်လာခဲ့တယ်လို့ အီတလီ ဘောလုံးသတင်းထောက် ဒီမာဇီယိုက သတင်း ဖော်ပြလာခဲ့ပါတယ်။

ဂါလာတာစာရေးက အသင်းတိုက်စစ်ပိုင်းမှာ အင်တာမီလန် ကစားသမားဟောင်း အီကာဒီလည်း ရှိနေပေမယ့် လက်ရှိမှာ အီကာဒီက ဒဏ်ရာရရှိနေတာကြောင့် တိုက်စစ်ပိုင်းကို အားဖြည့်ဖို့ နာပိုလီမှာ ပွဲကစားခွင့် ရရှိဖို့ မလွယ်ကူတော့တဲ့ အိုဆီမန်ကို တစ်ရာသီ အငှားစာချုပ်နဲ့ ခေါ်ယူချင်လာခဲ့တာ ဖြစ်ပါတယ်။

Exit mobile version