နယ်သာလန် နာမည်ကြီးကလပ် ပီအက်စ်ဗွီရဲ့ ကြယ်ပွင့် တိုက်စစ်မှူး ဂတ်ပိုက လာမယ့် ဆောင်းရာသီဈေးကွက် အတွင်းမှာ မန်ချက်စတာ ယူနိုက်တက်ဆီ ပြောင်း​ရွှေ့ဖို့ အတော်လေး စိတ်ဝင်စားနေကြောင်း ယုံကြည် စိတ်ချရတဲ့ သတင်းထောက် ဖာဘရီဇီယို ရိုမာနိုက အခိုင်အမာ ဖော်ပြသွားခဲ့ပါတယ်။

အသက် ၂၃နှစ် အရွယ် နယ်သာလန် လက်ရွေးစင် တိုက်စစ်မှူး ဂတ်ပိုက ပီအက်စ်ဗွီရဲ့ အကယ်ဒမီကနေ ထွက်ပေါ်လာတဲ့ တိုက်စစ်မှူး တဦး ဖြစ်ပြီး သူက ပီအက်စ်ဗွီရဲ့ အသင်းခေါင်းဆောင်ရာထူးကို ရယူထားသလို ပြီးခဲ့တဲ့ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာလည်း နယ်သာလန်ရဲ့ တိုက်စစ်ကို ဦးဆောင် ကစားခဲ့သူပါ။

Photo Credit: The Sun

ဂတ်ပိုက ယခုနှစ် ဘောလုံးရာသီမှာ နယ်သာလန်နဲ့ ပီအက်စ်ဗွီတို့ အတွက် ပြိုင်ပွဲစုံမှာ ၂၉ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၁၆ဂိုး သွင်းယူထားနိုင်ကာ ဂိုးဖန်တီးမှု ၁၇ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။

သူ့ရဲ့ ခြေစွမ်းကောင်းတွေကြောင့်ပဲ တိုက်စစ်မှူး တဦး လိုအပ်နေတဲ့ မန်ချက်စတာ ယူနိုက်တက်ရဲ့ နည်းပြဖြစ်သူ အဲရစ် တန်ဟက်ဂ်က ဂတ်ပိုကို သူတို့အသင်းဆီ ​ဇန်နဝါရီ အပြောင်းအရွှေ့မှာ ခေါ်ယူဖို့ ဆုံးဖြတ်ထားပြီး မန်ချက်စတာ ယူနိုက်တက်က ဂတ်ပိုအတွက် ပီအက်စ်ဗွီနဲ့ ဆွေးနွေးမှုတွေ လုပ်ဆောင်ဖို့ စီစဉ်နေပါတယ်။

Photo Credit: The Sun

နာမည်ကြီး သတင်းထောက် တဦး ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက်အရ ဂတ်ပိုက တန်ဟက်ဂ် ရှိနေတဲ့ ယူနိုက်တက်ဆီ ပြောင်းရွှေ့လာဖို့ အတော်လေး စိတ်အားထက်သန်နေပြီး မန်ချက်စတာ ယူနိုက်တက်နဲ့ ပီအက်စ်ဗွီတို့ ကြားမှာသာ ပြောင်းရွှေ့ကြေး သဘောတူညီမှု ရရင် ဂတ်ပိုဟာ မန်ချက်စတာ ယူနိုက်တက်ရဲ့ ကစားသမား ဖြစ်လာဖို့ သေချာသလောက် ရှိကြောင်း သိရပါတယ်။