နယ်သာလန် နာမည်ကြီးကလပ် ပီအက်စ်ဗွီရဲ့ အဓိက တိုက်စစ်မှူးလည်းဖြစ် ၊ အသင်းခေါင်းဆောင်လည်း ဖြစ်တဲ့ ဂတ်ပိုက ပရီးမီးယားလိဂ် အင်အားကြီးကလပ်တွေ ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်နဲ့ လီဗာပူးတို့ရဲ့ ကမ်းလှမ်းမှုတွေကို ရရှိထားပေမယ့် လီဗာပူးကို ငြင်းဆန်ကာ မန်ချက်စတာ ယူနိုက်တက်ဆီ ပြောင်းရွှေ့ဖို့ စိတ်ကူးရှိနေကြောင်း ယုံကြည် စိတ်ချရတဲ့ သတင်းရင်းမြစ်တွေက ဖော်ပြသွားကြပါတယ်။

အသက် ၂၃နှစ် အရွယ်သာ ရှိသေးတဲ့ နယ်သာလန် လက်ရွေးစင် တိုက်စစ်မှူး ဂတ်ပိုက ပြီးခဲ့တဲ့ ဘောလုံးရာသီမှ စတင်ကာ ပီအက်စ်ဗွီနဲ့အတူ စတင် တောက်ပလာသူ ဖြစ်ပြီး ယခုနှစ် ဘောလုံးရာသီမှာလည်း သူဟာ ပီအက်စ်ဗွီ အတွက် ပြိုင်ပွဲစုံမှာ ၂၄ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၁၃ဂိုး သွင်းယူထားနိုင်ကာ ဂိုးဖန်တီးမှု ၁၇ကြိမ် ပြုလုပ်ထားနိုင်ပါတယ်။

Photo Credit: Team Talk

ဒါ့အပြင် ဂတ်ပိုက ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ နယ်သာလန်နဲ့အတူ ပြိုင်ပွဲရဲ့ ကွာတားဖိုင်နယ် အဆင့်ကနေပဲ ထွက်ခွာခဲ့ရပေမယ့် သူက နယ်သာလန် အတွက် သွင်းဂိုး ၃ဂိုး အထိ သွင်းယူပေးနိုင်ခဲ့သလို အရေးပါတဲ့ ကစားသမား တဦးလည်း ဖြစ်ခဲ့ပါတယ်။

ဒါကြောင့်ပဲ ရိုနယ်ဒို ထွက်သွားတာကြောင့် တိုက်စစ်မှူး တဦး လိုအပ်နေတဲ့ မန်ချက်စတာ ယူနိုက်တက်နဲ့ ဒီယက်ဇ် ၊ ဂျိုတာတို့ရဲ့ ဒဏ်ရာပြဿနာ များပြားနေမှုကြောင့် တိုက်စစ်မှူး တဦး လိုအပ်နေတဲ့ လီဗာပူးတို့က ဂတ်ပိုကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြတာ ဖြစ်ပြီး နှစ်သင်းစလုံးကလည်း ဂတ်ပိုနဲ့ ဆွေးနွေးမှုတွေ လုပ်ဆောင်နေကြောင်း နာမည်ကြီး သတင်းထောက် တဦး ဖြစ်သူ ဒီမာဇီယိုက ဆိုပါတယ်။

Photo Credit: Team Talk

ဒါပေမယ့် ဂတ်ပိုကတော့ ပြီးခဲ့တဲ့ နွေဈေးကွက်ထဲက သူ့ကို ခေါ်ယူဖို့ စိတ်ဝင်စားခဲ့သလို တနိုင်ငံထဲသား နည်းပြဖြစ်သူ အဲရစ် တန်ဟက်ဂ် ရှိနေတဲ့ မန်ချက်စတာ ယူနိုက်တက်ဆီ ပြောင်းရွှေ့ဖို့သာ စိတ်အားထက်သန်နေပြီး မန်ချက်စတာ ယူနိုက်တက်ကလည်း ဂတ်ပိုကို ဇန်နဝါရီ အပြောင်းအရွှေ့ အတွင်းမှာ အမိအရ ခေါ်ယူဖို့ ဆုံးဖြတ်ထားကြောင်း နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Telegraphက ဖော်ပြလာပါတယ်။

Telegraph သတင်းဌာနရဲ့ ဖော်ပြချက်အရ ဂတ်ပိုက မန်ချက်စတာ ယူနိုက်တက်ဆီ ပြောင်းချင်နေသလို မန်ချက်စတာ ယူနိုက်တက်ကလည်း ဂတ်ပိုကို ခေါ်ယူဖို့ ဆုံးဖြတ်ထားပြီး ပီအက်စ်ဗွီကတော့ ဂတ်ပိုအတွက် စုစုပေါင်း ပြောင်းရွှေ့ကြေး ပေါင် ၅၀သန်း အထက် လိုချင်နေကြောင်း သိရပါတယ်။