နယ်သာလန် နာမည်ကြီးကလပ် ပီအက်စ်ဗွီကနေ ပရီးမီးယားလိဂ် အင်အားကြီးကလပ် လီဗာပူးထံ ပြောင်းရွှေ့ဖို့ သဘောတူညီမှု ရထားတဲ့ ဂတ်ပိုက ယနေ့မှာပဲ အင်္ဂလန်နိုင်ငံဆီ ရောက်လာကာ လီဗာပူးနဲ့ ဆေးစစ်မှုတွေ လုပ်ဆောင်ဖို့ စီစဉ်ထားကြောင်း သိရပါတယ်။

လီဗာပူးက သူတို့ရဲ့ တိုက်စစ်ပိုင်းမှာ ဆာလာ ၊ ဖာမီနို ၊ ဂျိုတာ ၊ ဒီယက်ဇ် ၊ နူနက်ဇ် စတဲ့ အရည်အသွေးမြင့် ကစားသမားတွေကို ပိုင်ဆိုင်ထားပေမယ့် ဂျိုတာနဲ့ ဒီယက်ဇ်တို့က ယခုနှစ် ဘောလုံးရာသီမှာ ကြံ့ခိုင်မှု ပြည့်ဝဖို့ ရုန်းကန်နေရသလို ကာလရှည် အနားယူနေရတာကြောင့် သူတို့ရဲ့ နေရာအတွက် အစားထိုးမှု အဖြစ် ဂတ်ပိုကို ခေါ်ယူခဲ့တာပဲ ဖြစ်ပါတယ်။

Photo Credit: Goal

တဖက်မှာတော့ အသက် ၂၃နှစ် အရွယ် နယ်သာလန် လက်ရွေးစင် ကြယ်ပွင့် တိုက်စစ်မှူး ဂတ်ပိုက ယခုနှစ် ဘောလုံးရာသီမှာ ပီအက်စ်ဗွီမှာရော ၊ နယ်သာလန်မှာပါ ခြေစွမ်းကောင်းတွေ ပြသထားနိုင်သူ ဖြစ်ပြီး သူက ပြီးဆုံးသွားတဲ့ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာလည်း နယ်သာလန် အတွက် သွင်းဂိုး ၃ဂိုး သွင်းယူပေးနိုင်ခဲ့ပါတယ်။

သူ့ရဲ့ ခြေစွမ်းကောင်းတွေကြောင့်ပဲ လီဗာပူးနည်းပြ ကလော့ပ်က သူ့ကို ခေါ်ယူဖို့ မျက်စိကျခဲ့တာ ဖြစ်ပြီး လီဗာပူးရဲ့ တာဝန်ရှိသူတွေကလည်း ဂတ်ပိုလို အရည်အသွေးမြင့် ကစားသမားကို ခါးသီးပြိုင်ဘက် မန်ချက်စတာ ယူနိုက်တက်ဆီ လက်လွှတ်ရမှာ စိုးရိမ်တာကြောင့် ပီအက်စ်ဗွီဘက်က ဂတ်ပိုအတွက် တောင်းဆိုတဲ့ ပြောင်းရွှေ့ကြေး ပေါင် ၅၀သန်းကို ပေးချေဖို့ လျင်လျင်မြန်မြန်ပဲ သဘောတူခဲ့ပါတယ်။

Photo Credit: Goal

နာမည်ကြီး သတင်းထောက် တဦး ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက်အရ လီဗာပူးက ဂတ်ပိုအတွက် ပီအက်စ်ဗွီထံ ကနဦး ပြောင်းရွှေ့ကြေး ပေါင် ၃၇သန်း + အပိုဆုကြေး ပေါင် ၁၃သန်း ပေးချေဖို့ သဘောတူခဲ့သလို ဂတ်ပိုကိုလည်း ၆နှစ် သက်တမ်း ရှိတဲ့ စာချုပ်တရပ် ချုပ်ဆိုဖို့ သဘောတူညီမှု ရရှိထားပြီး ဂတ်ပိုကတော့ ယနေ့မှာပဲ နယ်သာလန်နိုင်ငံ ကနေ အင်္ဂလန်နိုင်ငံဆီ ရောက်လာကာ လီဗာပူးနဲ့ ဆေးစစ်မှုတွေ စတင် လုပ်ဆောင်တော့မယ်လို့ သိရပါတယ်။