MySport Myanmar

ချန်ပီယံလိဂ်ဝင်ခွင့်တိုက်ပွဲက မပြီးသေးဘူးလို့ ပြိုင်ဘက်တွေကို သတိပေးခဲ့တဲ့ ဂတ်ပို

ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ လီဗာပူးရဲ့ တိုက်စစ်မှူး တဦး ဖြစ်သူ ကိုဒီ ဂတ်ပိုက သူတို့အသင်းဟာ ပရီးမီးယားလိဂ် ပွဲစဉ်(၃၀) အပြီးမှာ အမှတ်ပေးဇယားရဲ့ အဆင့်၈နေရာ အထိ ရောက်ရှိနေပေမယ့် ချန်ပီယံလိဂ်ဝင်ခွင့် ဖြစ်တဲ့ အဆင့်၄ အတွင်းကို ဝင်ရောက်နိုင်လိမ့်မယ်လို့ ယုံကြည်နေဆဲ ဖြစ်ကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ဖွင့်ဟ ပြောဆိုသွားခဲ့ပါတယ်။

အသက် ၂၃နှစ် အရွယ် နယ်သာလန် လက်ရွေးစင် တောင်ပံတိုက်စစ်မှူး ဂတ်ပိုက ပြီးခဲ့တဲ့ ဇန်နဝါရီ အပြောင်းအရွှေ့ ဈေးကွက်အတွင်းမှာ ပီအက်စ်ဗွီ ကနေ လီဗာပူးထံ ပြောင်းရွှေ့ကြေး ယူရို ၄၂သန်းနဲ့ ပြောင်းရွှေ့လာသူ ဖြစ်ပြီး သူက လီဗာပူး အတွက် ပြိုင်ပွဲစုံမှာ ၁၇ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၄ဂိုး သွင်းယူပေးထားနိုင်ပါတယ်။

Photo Credit: Goal

ဂတ်ပိုက လီဗာပူးဆီ ရောက်ရှိပြီးနောက် ထိုက်သင့်တဲ့ ခြေစွမ်းကောင်းတွေ ပြသထားနိုင်ပေမယ့် သူ့ရဲ့ လီဗာပူးကတော့ ရလဒ်ကောင်းတွေ ရယူနိုင်ဖို့ ရုန်းကန်နေရပြီး ဖလားပြိုင်ပွဲတွေ အားလုံးကနေ ထွက်ခွာခဲ့ရသလို ပရီးမီးယားလိဂ် ပြိုင်ပွဲမှာလည်း အဆင့်(၈)နေရာ အထိ ရောက်ရှိနေပါတယ်။

လီဗာပူးက ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အဆင့်(၈)နေရာ အထိ ရောက်ရှိနေသလို ချန်ပီယံလိဂ်ဝင်ခွင့် ဖြစ်တဲ့ အဆင့်(၄)နေရာမှာ ရှိနေတဲ့ မန်ချက်စတာ ယူနိုက်တက်နဲ့ ရမှတ် ၁၂မှတ် အထိ ကွာဟနေတာကြောင့် နယူးကာဆယ် ၊ မန်ချက်စတာ ယူနိုက်တက် ၊ စပါး ၊ ဗီလာနဲ့ ဘရိုက်တန်တို့ကို ကျော်ဖြတ်ကာ ချန်ပီယံလိဂ်ဝင်ခွင့် ရဖို့ မလွယ်ကူတော့ပါဘူး။

Photo Credit: Goal

 

ဒါပေမယ့် ဂတ်ပိုကတော့ သူတို့အသင်းဟာ ဒီရာသီမှာ ချန်ပီယံလိဂ်ဝင်ခွင့် မရတော့ဘူး ဆိုတဲ့ စကားတွေကို လက်မခံသေးပဲ သူတို့အသင်းဟာ နောက်ဆုံးချိန် အထိ ချန်ပီယံလိဂ်ဝင်ခွင့် အတွက် ကြိုးစားသွားမယ်လို့ ပြောကြားရင်း ပြိုင်ဘက်အသင်းတွေကို သတိပေးသွားခဲ့ပါတယ်။

ဂတ်ပိုက – “ကျွန်တော်တို့တွေဟာ ပွဲတိုင်းကို အာဆင်နယ်နဲ့ပွဲရဲ့ ဒုတိယပိုင်း ကစားပုံမျိုးနဲ့ ကစားနိုင်ဖို့ လိုပါတယ်။ ယုံကြည်ချက်သာ မရှိရင် ခင်ဗျားက ဘယ်အရာကိုမှ အောင်မြင်နိုင်မှာ မဟုတ်ပါဘူး။ ကျွန်တော်ကတော့ ကျွန်တော်တို့အသင်းဟာ အဆင့်၄အတွင်း ဝင်နိုင်သေးတယ်လို့ ယုံကြည်ထားပါတယ်။ ကျွန်တော်တို့ တသင်းလုံး ချန်ပီယံလိဂ်ဝင်ခွင့် ရမယ်လို့ ယုံကြည်နေကြသလို ကျွန်တော်တို့ရဲ့ ပန်းတိုင်ကလည်း ချန်ပီယံလိဂ်ဝင်ခွင့် ရဖို့ပါပဲ” လို့ ထုတ်ဖော် ပြောဆိုသွားခဲ့တာပဲ ဖြစ်ပါတယ်။

Exit mobile version