နယ်သာလန် နာမည်ကြီးကလပ် ပီအက်စ်ဗွီကနေ ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ လီဗာပူးဆီ အပြီးသတ် ပြောင်းရွှေ့လာခဲ့တဲ့ တိုက်စစ်မှူး ဂတ်ပိုကတော့ သူဟာ လက်ရွေးစင် အသင်းဖော် ဗန်ဒိုက်ရဲ့ တိုက်တွန်း စည်းရုံးမှုတွေကြောင့် လီဗာပူးဆီ ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ခဲ့တာပါလို့ လီဗာပူး ကစားသမား ဘဝ ပထမဦးဆုံး အင်တာဗျူးမှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

အသက် ၂၃နှစ် အရွယ် နယ်သာလန် လက်ရွေးစင် တိုက်စစ်မှူး ဂတ်ပိုက ပီအက်စ်ဗွီရဲ့ အကယ်ဒမီထွက် ကစားသမား တဦး ဖြစ်ပြီး သူက ပြီးခဲ့တဲ့ ဘောလုံးရာသီမှ စတင်ကာ ပီအက်စ်ဗွီရဲ့ မရှိမဖြစ် တိုက်စစ်မှူး ဖြစ်လာခဲ့သလို အသင်းခေါင်းဆောင် အဖြစ် တာဝန်ယူ ကစားခဲ့ရသူလည်း ဖြစ်ပါတယ်။

Photo Credit: Goal

ဂတ်ပိုက ဘယ်ညာ တောင်ပံနှစ်ဖက်စလုံးမှာ ကစားနိုင်စွမ်း ရှိသလို လိုအပ်ရင် အထောင်တိုက်စစ်မှူး အဖြစ်ပါ ကစားပေးနိုင်တဲ့ မြန်နှုန်းမြင့် တိုက်စစ်မှူး တဦး ဖြစ်ပြီး သူက ကိုယ်တိုင် သွင်းဂိုးတွေ သွင်းယူနိုင်သလို အသင်းဖော်တွေ ဂိုးသွင်းနိုင်အောင် ဖန်တီးပေးနိုင်စွမ်းလည်း ရှိပါတယ်။

ဒါကြောင့်ပဲ လီဗာပူးနည်းပြ ကလော့ပ်က ဂျိုတာနဲ့ ဒီယက်ဇ်တို့ မရှိချိန်မှာ ဖာမီနို ၊ ဆာလာတို့နဲ့အတူ အသင်းရဲ့ တိုက်စစ်ကို ဦးဆောင် ကစားခိုင်းဖို့ ဂတ်ပိုအား ခေါ်ယူခဲ့တာ ဖြစ်ပြီး ဂတ်ပိုကတော့ သူဟာ နယ်သာလန် အသင်းခေါင်းဆောင်လည်းဖြစ် ၊ လီဗာပူးရဲ့ အဓိက နောက်ခံလူလည်း ဖြစ်တဲ့ ဗန်ဒိုက်နဲ့ စကားတွေ အများကြီး ပြောပြီးမှ လီဗာပူးဆီ ပြောင်းလာဖို့ ဆုံးဖြတ်ချက် ချခဲ့တာ ဖြစ်ကြောင်း ဆိုလာပါတယ်။

Photo Credit: Goal

ဂတ်ပိုက – “ကျွန်တော် ခုနကတင် နည်းပြနဲ့ စကားနည်းနည်းလောက် ပြောပြီးတဲ့ အချိန်မှာပဲ ဗာဂျယ်နဲ့ စကားခဏ ပြောခဲ့ပါသေးတယ်။ သူက ကျွန်တော့်ကို ရုံးထဲအထိ လာတွေ့သွားတာပါ။ သူနဲ့ ကျွန်တော်က ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာတော့ အတော်လေး စကားပြောဖြစ်ခဲ့ပါတယ်။ သူက ကျွန်တော့်ကို လီဗာပူးဆီ ပြောင်းရွှေ့တာဟာ မှန်ကန်တဲ့ ပြောင်းရွှေ့မှု ဖြစ်သလို ကျွန်တော့်ရဲ့ ကစားသမား ဘဝ ပိုမို တိုးတက်လာအောင်နဲ့ ပိုကောင်းတဲ့ ကစားသမား ဖြစ်လာအောင် လုပ်ပေးနိုင်တဲ့ အပြောင်းအရွှေ့လို့ ပြောခဲ့ပါတယ်။ ပြီးတော့ လီဗာပူးက ကြီးကျယ် ခမ်းနားတဲ့ အသင်းကြီး တသင်း ဖြစ်သလို မိသားစုလို နွေးထွေးကြောင်းလည်း ပြောခဲ့ပါသေးတယ်။ ကျွန်တော့်အတွက် ဗာဂျယ်ရဲ့ စကားတွေက အရမ်းကို အရေးပါတယ်ဗျ။ ကျွန်တော်က မိသားစုကို ခင်တွယ်တဲ့ လူစားမျိုးပါ။ သူကတော့ ကျွန်တော့်ကို ကောင်းတဲ့ အကြောင်းတွေချည်းပဲ ပြောထားပါတယ်။ ကျွန်တော်ကလည်း သူ ဒီမှာ ရှိနေလို့ ဝမ်းသာမိသလို သူက ကျွန်တော့်ကို အကူအညီတွေ ပေးဖို့လည်း မျှော်လင့်ထားပါတယ်။ ကျွန်တော်က လီဗာပူးဆီ ပြောင်းရွှေ့လာရလို့ အရမ်းကို ဝမ်းသာမိပါတယ်” ဆိုပြီး ပြောကြားသွားခဲ့တာပါ။