လီဗာပူးလ်အသင်းရဲ့ တောင်ပံတိုက်စစ်ကစားသမား ကိုဒီ ဂတ်ပိုက လီဗာပူးလ်ဆီ ရောက်လာချိန်မှာပဲ သူရဲ့အိမ်ဆီ ရောက်သွားသလို ခံစားမိရတာက လီဗာပူးလ်မှာရှိတဲ့ နယ်သာလန်လူမျိုးတွေကြောင့် မဟုတ်ဘဲ အသင်းသားတွေ အားလုံးရဲ့ မိသားစုဝင်စိတ်ကြောင့်သာ ဖြစ်တယ်လို့ ပြောဆိုလာခဲ့ပါတယ်။
လက်ရှိ လီဗာပူးလ်အသင်းမှာ နောက်ခံလူ ဗန်ဒိုက် ကွင်းလယ်လူ ဂရာဗန်ဘာ့ချ်နဲ့ တိုက်စစ်ကစားသမား ဂက်ပိုတို့က နယ်သာလန် လက်ရွေးစင် ကစားသမားတွေ ဖြစ်နေကြတဲ့အပြင် ဒီရာသီမှ ရောက်လာတဲ့ နည်းပြ ဆလော့ဆိုရင်လည်း နယ်သာလန်လူမျိုး ဘောလုံးနည်းပြတစ်ဦးလည်း ဖြစ်နေပြန်ပါတယ်။
Photo Credit : The Independent
ဒီလို နယ်သာလန် ကစားသမားတွေ နယ်သာလန်နည်းပြတွေ ရှိနေတာကြောင့် လီဗာပူးလ်မှာ ရှိနေတဲ့အချိန်တွေက ကိုယ့်အိမ်မှာ ရှိနေသလို ခံစားရတာမျိုး မဟုတ်ဘဲ လီဗာပူးလ် အသင်းသားတွေ အသင်းဝန်ထမ်းတွေနဲ့ အသင်းတာဝန်ရှိသူတွေရဲ့ နွေးထွေးမှုကြောင့်သာ ဖြစ်တယ်လို့ ဂက်ပိုက ပြောကြားလာခဲ့ပါတယ်။
“လီဗာပူးလ်အသင်းက ကျွန်တော့်ကို ချဉ်းကပ်လာတဲ့အခါ အရမ်း နွေးထွေးမှုရှိတယ်လို့ ခံစားမိသလို PSV နဲ့ ဆင်တူတယ်လို့ ထင်မိပါတယ်။ ဒါပေမယ့် လီဗာပူးလ်က PSV ထက်တော့ ပိုကြီးမားတဲ့ အသင်းပေါ့။ ဒီလို နွေးထွေးမှုကြောင့်ပဲ ချက်ချင်း ကိုယ့်အိမ်ကို ရောက်နေသလို ခံစားမိရတယ်။ အသင်းက လူတွေနဲ့ ပရိသတ်တွေက အံ့သြစရာကောင်းပြီး သူတို့က ကျွန်တော့်ကို တကယ် ကူညီပေးခဲ့တယ်။”
Photo Credit : Liverpool FC
“ဒီမှာ ရှိနေရလို့ အရမ်း ကျေးဇူးတင်မိပါတယ်။ ဒီမှာက နယ်သာလန်သားတွေ အနည်းငယ် ရှိနေပေမယ့် ကိုယ်က ဘယ်နိုင်ငံကပဲလာလာ ဒီမှာ အားလုံးက မိသားစုဝင်တွေလိုပါပဲ။ ကျွန်တော် ဒီကို စရောက်ကတည်းက အားလုံးဟာ ကျွန်တော့်ကို ညီအစ်ကိုလိုမျိုး သဘောထားကြတယ်။ ဒီကလပ်အသင်းရဲ့ အကြီးမားဆုံးအင်အားက အားလုံးက မိသားစုဝင်တွေလို ဖြစ်နေခြင်းပါပဲ။ ကျွန်တော်တို့တွေက အချင်းချင်း တိုက်ပွဲဝင်နေကြတယ်။”
“ကျွန်တော် ဂရာဗန်ဘာ့ချ်ကို နယ်သာလန်လိဂ်ကနေ သိခဲ့ပြီးတော့ သူ တကယ်တော်တယ် ဆိုတာကိုလည်း လူတိုင်း သိပါတယ်။ သူက ဘိုင်ယန်မြူးနစ်မှာ ဒီလောက် ကစားရတာ မဟုတ်ပေမယ့် နယ်သာလန်မှာဆိုရင်တော့ သူ ဘယ်လောက် ကောင်းနိုင်လဲဆိုတာ အားလုံး သိကြပါတယ်။ နည်းပြကလည်း သူ့အရည်အသွေးကို သိလို့ သူ့ကို ယုံကြည်မှု ပေးခဲ့တယ်။” လို့ ဂက်ပိုက ပြောဆိုခဲ့ပါတယ်။