နယ်သာလန် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ပီအက်စ်ဗွီရဲ့ အသင်းခေါင်းဆောင်လည်းဖြစ် ၊ အဓိက တိုက်စစ် ကစားသမားလည်း ဖြစ်တဲ့ ဂတ်ပိုကတော့ သူ့ကို ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ထံ ပြောင်းရွှေ့ခွင့် ပေးဖို့ ပီအက်စ်ဗွီရဲ့ တာဝန်ရှိသူတွေထံ တရားဝင် တောင်းဆိုလိုက်ကြောင်း နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Telegraph သတင်းဌာနက အခိုင်အမာ ဖော်ပြသွားခဲ့ပါတယ်။

အသက် ၂၃နှစ် အရွယ် နယ်သာလန် လက်ရွေးစင် တိုက်စစ် ကစားသမား ဂတ်ပိုဟာ ပီအက်စ်ဗွီရဲ့ အကယ်ဒမီကနေ ထွက်ပေါ်လာတဲ့ တိုက်စစ်မှူး တဦး ဖြစ်ပြီး သူက ဘယ်တောင်ပံ ၊ ညာတောင်ပံနဲ့ အထောင်တိုက်စစ် စတဲ့ တိုက်စစ်ရဲ့ နေရာစုံမှာ ဆော့ကစားနိုင်စွမ်း ရှိတဲ့ အရည်အသွေးမြင့် လူငယ်ကြယ်ပွင့် တဦးလည်း ဖြစ်ပါတယ်။

Photo Credit: Mirror

ဒါကြောင့်ပဲ နယ်သာလန်ဈေးကွက်နဲ့ အကျွမ်းတဝင် ရှိတဲ့ မန်ချက်စတာ ယူနိုက်တက်ရဲ့ နည်းပြဖြစ်သူ အဲရစ် တန်ဟက်ဂ်က ဂတ်ပိုကို ခေါ်ယူဖို့ စိတ်ဝင်စားနေတာ ဖြစ်ပြီး မန်ချက်စတာ ယူနိုက်တက်ရဲ့ တာဝန်ရှိသူတွေက ဂတ်ပိုရဲ့ အပြောင်းအရွှေ့ အတွက် ပီအက်စ်ဗွီထံ ချိတ်ဆက်မှုတွေ ပြုလုပ်ထားပါတယ်။

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Telegraph သတင်းဌာနရဲ့ ဖော်ပြချက်အရ မန်ချက်စတာ ယူနိုက်တက်က ဂတ်ပိုကို ခေါ်ယူဖို့ အတွက် ပီအက်စ်ဗွီနဲ့ ဆွေးနွေးမှု တချို့ ပြုလုပ်ထားပြီး ပီအက်စ်ဗွီကလည်း သူတို့ရဲ့ တိုက်စစ်မှူး ဂတ်ပိုအတွက် သတ်မှတ်ထားတဲ့ ပြောင်းရွှေ့ကြေး ပေါင် ၃၈သန်းသာ ရမယ် ဆိုရင် ရောင်းချဖို့ အဆင်သင့် ရှိနေကြောင်း သိရပါတယ်။

Photo Credit: Mirror

မန်ချက်စတာ ယူနိုက်တက်က ဂတ်ပိုအတွက် ပြောင်းရွှေ့ကြေး ပေါင် ၃၈သန်းလုံး အပြည့်အဝ ပေးချေဖို့ ဆန္ဒမရှိပေမယ့် အပိုဆုကြေးတွေ ပေးချေကာ ပေါင် ၃၈သန်း ပမာဏ ပြည့်အောင် ဖြည့်ဖို့ စီစဉ်နေပြီး ဂတ်ပိုကလည်း သူ့ကို မန်ချက်စတာ ယူနိုက်တက်ဆီ ပြောင်းရွှေ့ခွင့် ပေးဖို့ ပီအက်စ်ဗွီထံ တောင်းဆိုထားတာကြောင့် ပီအက်စ်ဗွီဟာ ဂတ်ပိုကို မဖြစ်မနေ ရောင်းချရဖွယ် ရှိနေကြောင်း Telegraph သတင်းဌာနက ဆိုပါတယ်။

ဒါ့အပြင် လက်ရှိ ပီအက်စ်ဗွီရဲ့ နည်းပြဖြစ်သူ နစ္စတယ်ရွိုင်းက မန်ချက်စတာ ယူနိုက်တက်ရဲ့ ဂန္တဝင် ကစားသမားတွေထဲက တဦး ဖြစ်တာကြောင့် နစ္စတယ်ရွိုင်းဟာ ဂတ်ပိုကို မန်ချက်စတာ ယူနိုက်တက်ဆီ ပြောင်းရွှေ့ခွင့် ပေးနိုင်ကြောင်း ပီအက်စ်ဗွီနဲ့ နီးစပ်တဲ့ သတင်းထောက် တချို့က ဖော်ပြထားကြပါသေးတယ်။