MySport Myanmar

World Cup အပြီးမှာ အသင်း အပြောင်းအလဲ လုပ်သွားဖို့ အဆင့်သင့် ဖြစ်နေတဲ့ ဂက်ပို

လက်ရှိ ကာတာနိုင်ငံမှာ ကျင်းပနေတဲ့ ၂၀၂၂ကာတာကမ္ဘာ့ဖလားပြိုင်ပွဲကြီးအတွင်း မထင်ထားလောက်အောင် ခြေစွမ်းပြနေတဲ့ နယ်သာလန်ကြယ်ပွင့် တိုက်စစ်ကစားသမားလေး ကိုဒီဂက်ပိုဟာ ဒီကမ္ဘာ့ဖလားပြိုင်ပွဲကြီးအပြီးမှာ သူ့အနာဂတ်နဲ့ ပတ်သတ်ပြီး အပြောင်းအလဲ ဖြစ်လာမယ့် အရာတွေကို စဉ်းစားသွားဖို့ အဆင့်သင့် ဖြစ်နေပြီလို့ ကိုယ်တိုင် အတည်ပြု ပြောကြားသွားခဲ့ပါတယ်။

Photo Credit : TEAMtalk

အသက်(၂၃)နှစ်အရွယ်ရှိ တိုက်စစ်ကစားသမားလေး ဂက်ပိုဟာ ဒီနှစ်ဘောလုံးရာသီအတွင်း PSV အသင်းအတွက် အတော်လေးကို ခြေစွမ်းပြနေတာကြောင့် သူ့ကို နယ်သာလန်နည်းပြ လူးဝစ်ဗန်ဟားလ်က ၂၀၂၂ကာတာကမ္ဘာ့ဖလားပြိုင်ပွဲဝင်မယ့် လူစာရင်းမှာ ရွေးချယ်ခဲ့ပြီး ကမ္ဘာ့ဖလားပွဲစဉ်တိုင်းမှာပါ ပွဲထွက်ကစားသမားအဖြစ် နေရာပေးခဲ့ရာ ဂက်ပိုကလည်း အုပ်စုပွဲ (၃)ပွဲဆက်တိုက် ဂိုးသွင်းယူနိုင်ခဲ့တဲ့အထိ တောက်ပနိုင်ခဲ့ပါတယ်။ ဒီလို ကမ္ဘာ့ဖလားမှာ တောက်ပလာခဲ့တဲ့ ဂက်ပိုကိုလည်း မန်ချက်စတာယူနိုက်တက် အပါအဝင် ဥရောပထိပ်သီး အသင်းကြီးတွေက အပြိုင်အဆိုင် မျက်စိကျလာခဲ့ပါတယ်။

Photo Credit : FIFA

လတ်တလောမှာ ယူနိုက်တက်အသင်းနဲ့ အပြောင်းအရွှေ့သတင်းတွေ ကျယ်ကျယ်လောင်လောင်နဲ့ ထွက်ပေါ်နေတဲ့ ဂက်ပိုက သူ့အနာဂတ်နဲ့ ပတ်သတ်ပြီး “အခုတော့ ကျွန်တော် အရာအားလုံးကို စောင့်ဆိုင်းနေပါတယ်။ လက်ရှိမှာတော့ မန်ချက်စတာယူနိုက်တက်အသင်းဆီနေ ဘာမှ မကြားရသေးပါဘူး။ သူတို့ဘက်ကနေ ကမ်းလှမ်းလာမယ်ဆိုရင် ကျွန်တော် ဒါကို စဉ်းစားပါလိမ့်မယ်။ ဆုံးဖြတ်ချက်တွေမှာ ဘုရားသခင်ရဲ့ အကူအညီတွေ ပါဝင်နိုင်ဖို့ မျှော်လင့်ပါတယ်” လို့ ပြောဆိုထားခဲ့ပါတယ်။ တကယ်တော့ ဂက်ပိုကို ရီးယဲလ်မက်ဒရစ်လို အသင်းကြီးတွေကပါ စိတ်ဝင်စားနေပေမယ့်လည်း ကစားသမားကိုယ်တိုင်ကတော့ သူနဲ့ အေးဂျင့် အတူတူဖြစ်သလို တစ်နိုင်ငံတည်းသားတွေလည်းဖြစ်တဲ့ နည်းပြအဲရစ်တန်ဟက်ဂ်ရှိရာ ယူနိုက်တက်အသင်းဆီကိုသာ ပြောင်းရွှေ့ကစားဖို့ စိတ်အားထက်သန်နေပါတယ်။ ယူနိုက်တက်ကလည်း လက်ရှိမှာ တိုက်စစ်ပိုင်း လိုအပ်ချက် ရှိနေတာကြောင့် ကမ္ဘာ့ဖလားပြိုင်ပွဲအတွင်း ဂိုးမြူးနေတဲ့ ဂက်ပိုကို လာမယ့် ဇန်နဝါရီလ ဈေးကွက်ထဲမှာပဲ အရ ခေါ်ယူသွားဖွယ် ရှိနေပါတယ်။

Exit mobile version