နယ်သာလန် နာမည်ကြီးအသင်း တသင်း ဖြစ်တဲ့ ပီအက်စ်ဗွီရဲ့ အသင်းခေါင်းဆောင်လည်းဖြစ် ၊ အဓိက တိုက်စစ်မှူးလည်း ဖြစ်တဲ့ ဂတ်ပိုကတော့ သူဟာ ယခု နွေဈေးကွက် အတွင်းမှာ မန်ချက်စတာ ယူနိုက်တက် အပါအဝင် ကလပ်အသင်း တချို့ရဲ့ ကမ်းလှမ်းမှုကို ရခဲ့ပေမယ့် မန်ချက်စတာ ယူနိုက်တက်ဆီ မပြောင်းရွှေ့နိုင်ခဲ့တဲ့နောက် ပီအက်စ်ဗွီမှာပဲ ဆက်နေဖို့ ဆုံးဖြတ်လိုက်ကြောင်း ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

အသက် ၂၃နှစ် အရွယ် နယ်သာလန် လက်ရွေးစင် တိုက်စစ်ကစားသမား ဂတ်ပိုက အထောင်တိုက်စစ်နဲ့ ဘယ်တောင်ပံတိုက်စစ် နှစ်နေရာစလုံးမှာ ကစားနိုင်စွမ်း ရှိသူ တဦး ဖြစ်ပြီး သူက ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ နယ်သာလန်လိဂ်ရဲ့ အကောင်းဆုံး ကစားသမားဆုကိုပါ သိမ်းပိုက်နိုင်ခဲ့ပါသေးတယ်။

Photo Credit: Mirror

ဒါကြောင့်ပဲ ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်က ဂတ်ပိုကို ခေါ်ယူဖို့ ကြိုးစားခဲ့ပြီး ဂတ်ပိုကလည်း မန်ချက်စတာ ယူနိုက်တက်ရဲ့ ကမ်းလှမ်းမှုကို ရရှိချိန်မှာ ပီအက်စ်ဗွီကနေ မန်ချက်စတာ ယူနိုက်တက်ဆီ ပြောင်းရွှေ့ဖို့ သဘောတူခဲ့ပါတယ်။

ဒါပေမယ့် မန်ချက်စတာ ယူနိုက်တက်က အေဂျက် တောင်ပံတိုက်စစ် ကစားသမား အန်တိုနီကို ပြောင်းရွှေ့ကြေး ယူရို ၁၀၀သန်း အထိ ပေးချေကာ ခေါ်ယူခဲ့ရသလို အသင်းရဲ့ လုပ်ခလစာမြင့် တိုက်စစ်မှူး ရိုနယ်ဒိုကလည်း အသင်းကနေ မထွက်သွားတာကြောင့် နောက်ထပ် ပြောင်းရွှေ့ကြေး ယူရို ၃၅သန်း ဝန်းကျင် အထိ သုံးစွဲကာ ခေါ်ယူရမယ့် ဂတ်ပိုကို မခေါ်ယူတော့ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

Photo Credit: Mirror

မန်ချက်စတာ ယူနိုက်တက်က ဂတ်ပိုကို မခေါ်ယူဖြစ်တော့တဲ့နောက် ပရီးမီးယားလိဂ်ကလပ်တွေ ဖြစ်တဲ့ ဆောက်သမ်တန်နဲ့ လိဒ်ယူနိုက်တက်တို့ဟာ ဂတ်ပိုကို ခေါ်ယူဖို့ ကြိုးပမ်းခဲ့ပေမယ့် ဂတ်ပိုကတော့ ယခု နွေဈေးကွက် အတွင်းမှာ အသင်းမပြောင်းတော့ပဲ ပီအက်စ်ဗွီမှာသာ ဆက်နေဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

ပီအက်စ်ဗွီမှာသာ ဆက်နေဖို့ ဆုံးဖြတ်ခဲ့ပုံကို ဂတ်ပိုက – “ယူနိုက်တက်က ကျွန်တော့်ကို ဒီနွေဈေးကွက် အစထဲက ခေါ်ယူဖို့ စိတ်ဝင်စားခဲ့တာပါ။ ဒါပေမယ့် သူတို့က အပြင်ကို သတင်းမပျံ့အောင် အခြေအနေတွေကို ထိန်းချုပ်ပြီး လုပ်ဆောင်ခဲ့ပါတယ်။ ကျွန်တော်ကလည်း သူတို့ရဲ့ ကမ်းလှမ်းမှုကို စောင့်ခဲ့တာပေါ့။ ပြီးတော့ တဖြည်းဖြည်းနဲ့ အခြေအနေတွေက အပေါင်းလက္ခဏာ ဆောင်လာခဲ့ပြီး ကျွန်တော်နဲ့ ယူနိုက်တက်ရဲ့ အပြောင်းအရွှေ့ကလည်း ဖြစ်မြောက်နိုင်ဖို့ ပိုမို နီးစပ်လာခဲ့ပါတယ်။ ဒါကြောင့် ကျွန်တော်က ပြီးခဲ့တဲ့အပတ် အထိ မန်ချက်စတာ ယူနိုက်တက်ဆီ ပြောင်းရွှေ့နိုင်မယ်လို့ ထင်နေခဲ့တာပါ။ ဒါပေမယ့် ကျွန်တော်က ယူနိုက်တက်ဆီ ပြောင်းဖို့ အခွင့်အရေး မရခဲ့ပါဘူး။ ဒါကြောင့် ဒီတပတ်မှာ ကျွန်တော်က တခြားအသင်းတွေရဲ့ ကမ်းလှမ်းမှုတွေကို လက်ခံ စဉ်းစားခဲ့ရပါတယ်။ ဒါပေမယ့် ဒီလိုမျိုး အခြေအနေတွေက ကျွန်တော့်အတွက်ရော ၊ ပီအက်စ်ဗွီအတွက်ပါ မကောင်းခဲ့ပါဘူး။ ဒါကြောင့် ပီအက်စ်ဗွီမှာပဲ ဆက်နေဖို့ ဆုံးဖြတ်လိုက်တာပါ” လို့ ပြန်ပြောင်း ပြောပြသွားခဲ့တာပါ။