လီဗာပူးလ်အသင်းရဲ့ နယ်သာလန် တိုက်စစ်ကစားသမား ကိုဒီ ဂက်ပိုက သူတို့အသင်းအနေနဲ့ ဒီကနေ့ အန်ဖီးလ်ကွင်းမှာ မန်ချက်စတာ ယူနိုက်တက်အသင်းနဲ့ ရင်ဆိုင်ရချိန်အတွင်း မနှစ်ကလို ပုံစံမျိုး ထပ်မံ လုပ်ဆောင်ပြနိုင်ဖို့ မျှော်လင့်ထားတယ်လို့ ဖွင့်ဟ ပြောကြားသွားခဲ့ပါတယ်။

မနှစ်က အန်ဖီးလ်မှာ လီဗာပူးလ် နဲ့ မန်ယူနိုက်တက်တို့ ရင်ဆိုင်ခဲ့ရာ အိမ်ရှင် လီဗာပူးလ်က (၇)ဂိုး ဂိုးမရှိဆိုတဲ့ အံ့အားသင့်စဖွယ် ရလဒ်မျိုးနဲ့ အခါးသီးဆုံးပြိုင်ဘက်ကို စံချိန်တင် အနိုင်ရရှိခဲ့သလို အဲ့ဒီပွဲမှာလည်း ဂက်ပိုက အသင်းအတွက် သွင်းဂိုး (၂)ဂိုးပါ သွင်းယူပေးနိုင်ခဲ့ပါတယ်။

Photo Credit : Marca

တကယ်တော့ ဂက်ပိုဟာ လီဗာပူးလ်ကို မရောက်ရှိခင် မန်ယူနိုက်တက်နဲ့ သတင်းအထွက်ဆုံး ဖြစ်ခဲ့ပေမယ့်လည်း ယူနိုက်တက်က ဂက်ပိုထက် အန်တိုနီကို ဦးစားပေး ရွေးချယ်ခဲ့သလို လီဗာပူးလ်ကလည်း ဂက်ပိုကို ယူနိုက်တက် လက်ထဲကနေ အလျင်အမြန် ကြားဖြတ် ခေါ်ယူနိုင်ခဲ့ပါတယ်။

အခုတော့ ဂက်ပိုက ယူနိုက်တက်နဲ့ ထပ်မံ ဆုံတွေ့ရမယ့် ပွဲစဉ်နဲ့ ပတ်သက်ပြီး “မနှစ်တုန်းက ပွဲဟာ ပွဲကောင်းတစ်ပွဲ ဖြစ်ခဲ့ပါတယ်။ ကျွန်တော်တို့တွေ အနိုင်ရမယ်ဆိုတာကိုလည်း သိထားတယ်။ ပထမပိုင်းမှာ နှစ်သင်းလုံး အကောင်းဆုံး ကစားနိုင်ခဲ့ပြီးတော့ ပထမပိုင်း မပြီးခင်လောက်မှာပဲ ကျွန်တော်က ဂိုးစသွင်းတယ်။”

Photo Credit : The Sun

“ဒုတိယပိုင်းစပြီး သိပ်မကြားဘူး။ ဒါဝင်က နောက်တစ်ဂိုးသွင်းတယ်။ ပြီးတော့ ကျွန်တော်ကပဲ တတိယဂိုး ထပ်သွင်းတယ်။ ကျွန်တော်တို့အနေနဲ့ ဒုတိယပိုင်း ပြန်စစချင်းမှာပဲ ဂိုးတွေ မြန်မြန် သွင်းယူပြီး ပွဲကို အပြတ်ဖြတ်လိုက်နိုင်တာ အရမ်းကောင်းပါတယ်။”

“တစ်ခု အမှတ်ရလိုက်တာက ဂိုးတွေ သွင်းယူဖို့ကိုပဲ ကြိုးစားနေတာ မဟုတ်ပဲ ပွဲကို စိုးမိုးပြီး အကောင်းဆုံးတွေ လုပ်ပြဖို့ ပိုအရေးကြီးတယ် ဆိုတာကို ကျွန်တော် သတိထားမိသွားတယ်။ အဲ့ဒီပွဲကလို ပုံစံမျိုး ထပ်လုပ်ပေးနိုင်ဖို့လည်း မျှော်လင့်ထားပါတယ်။” လို့ ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။