MySport Myanmar

အာဆင်နယ်အသင်းမှာ ကာလရှည်ကြာ ဆက်လက် ရှိနေသွားတော့မယ့် ဂါဘရီရယ်

အာဆင်နယ်အသင်းဟာ အသင်းရဲ့ အဓိက ကစားသမားတစ်ဦးဖြစ်တဲ့ ခံစစ်မှူး ဂါဘရီရယ်ကို ၂၀၂၇ခုနှစ်အထိ သက်တမ်းရှိတဲ့ ကာလရှည် စာချုပ်သစ်တစ်ရပ်ကို ချုပ်ဆိုလိုက်ပြီဖြစ်ကြောင်း တရားဝင် ထုတ်ပြန်လိုက်တာကြောင့် ဂါဘရီရယ်အနေနဲ့ အာဆင်နယ်မှာ နှစ်ရှည် ဆက်လက် ရှိနေရတော့မှာ ဖြစ်ပါတယ်။

Photo Credit : Football London

အသက်(၂၄)နှစ်အရွယ်ရှိ ဘရာဇီးလ် နောက်ခံကစားသမား ဂါဘရီရယ်ဟာ ၂၀၂၀ခုနှစ်ကမှ လီဂူးကလပ် လိုင်လီအသင်းကနေ အာဆင်နယ်အသင်းဆီ ရောက်ရှိလာခဲ့တာဖြစ်ပြီး ၂၀၂၅ခုနှစ်အထိ (၅)နှစ်စာချုပ် ချုပ်ဆိုဖြစ်ခဲ့ပါတယ်။ နည်းပြအာတီတာလက်အောက်မှာ ခြေစွမ်းပိုင်းတွေ ပိုမို တိုးတတ်လာခဲ့ပြီး လက်ရှိ အသင်းရဲ့ အဓိက ကစားသမားတစ်ယောက်အဖြစ်နဲ့ပါ ရပ်တည်လာခဲ့သူ ဂါဘရီရယ်ကို အာဆင်နယ်အသင်းကနေ စာချုပ် သက်တမ်းတိုးဖို့ လုပ်ဆောင်ခဲ့ပြီး အခုဆိုရင် ဂါဘရီရယ်ဟာ အာဆင်နယ်မှာ ၂၀၂၇ခုနှစ်အထိ ဆက်လက် ရှိနေရတော့မှာ ဖြစ်ပါတယ်။

Photo Credit : Youtube

ဘယ်ခြေအားသန်ပြီး ဗဟိုခံစစ်ပိုင်းမှာ left-side အခြမ်းမှာ ကစားတတ်သူဖြစ်တဲ့ ဂါဘရီရယ်ဟာ (၃)ယောက်တန်း ခံစစ်ပိုင်းမှာလည်း လိုက်ပါကစားတတ်သူဖြစ်ပြီး အရပ်အမောင်းလည်း မြင့်မားသလို လျင်မြန်လွန်းတဲ့ ခံစစ်မှူးတစ်ဦးလည်း ဖြစ်ပါတယ်။ အာဆင်နယ်ကို စတင် ရောက်ရှိလာခဲ့တဲ့ ၂၀၂၀-၂၀၂၁ ဘောလုံးရာသီကနေ လက်ရှိအချိန်ထိ အသင်းအတွက် ပြိုင်ပွဲစုံ ပွဲပေါင်း (၈၃)ပွဲ ပါဝင်ကစားထားနိုင်ခဲ့တဲ့ ဂါဘရီရယ်ဟာ ဒီရာသီမှာလည်း အာဆင်နယ်အသင်းအတွက် နော်ဝေမှာ ကစားခဲ့ရတဲ့ ဘိုဒယ်ဂလင့်နဲ့ ယူရိုပါလိဂ်ပွဲစဉ်ကလွဲပြီး ကျန်တဲ့ (၁၃)ပွဲလုံး မိနစ်(၉၀)ပြည့် ပါဝင်ကစားထားနိုင်ခဲ့ပါတယ်။ အခုလို အသင်းအတွက် ပွဲတိုင်းနီးပါး ပါဝင်ကစားပေးနိုင်ခဲ့တဲ့ ဂါဘရီရယ်ကို ဒီနှစ်နွေမှာ အီတလီ စီးရီးအေ ထိပ်သီးကလပ် ဂျုဗင်တပ်စ်အသင်းနဲ့ လာလီဂါ ထိပ်သီးကလပ် ဘာစီလိုနာအသင်းတို့က ခေါ်ယူဖို့ စိတ်ဝင်စားခဲ့သလို ဒီလစ် ချီလီနီတို့ကို လက်လွတ်ထားခဲ့ရတဲ့ ဂျုဗင်တပ်စ်က ဂါဘရီရယ်ကို ပိုမို ကြိုးပမ်းခဲ့ပါသေးတယ်။ ဒါပေမယ့် အာဆင်နယ်ဘက်က သူတို့ရဲ့ ကြယ်ပွင့်ကစားသမားကို အသင်းမှာ ဆက်ထိန်းထားနိုင်ခဲ့တဲ့အပြင် အခုဆိုရင် ဂါဘရီရယ်က အာဆင်နယ်မှာ ၂၀၂၇ခုနှစ်အထိပါ ကာလရှည်ကြာ ဆက်လက် ရှိနေသွားရတော့မှာပဲ ဖြစ်ပါတယ်။

Exit mobile version