လိုင်လီအသင်းရဲ့ဘရာဇီးနောက်ခံကစားသမား ဂါဘရီရယ်ကတော့ သူ့ကို ခေါ်ယူဖို့အတွက် အပြိုင်ကြိုးပမ်းလို့နေတဲ့ အာဆင်နယ်နဲ့ နာပိုလီအသင်းတို့ထဲကမှ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ပါဝင်ကစားချင်နေတဲ့ သူရဲ့စိတ်ဆန္ဒကြောင့် အာဆင်နယ်အသင်းကိုပဲ ပြောင်းရွှေ့ဖို့ ရွေးချယ်ခဲ့ပြီး ပြောင်းရွှေ့ကြေး ပေါင်(၂၂)သန်းနဲ့ အာဆင်နယ်အသင်းဆီ ပြောင်းရွှေ့လာတော့မှာဖြစ်လို့ ဗြိတိန်သတင်းမီဒီယာတွေရဲ့ဖော်ပြချက်အရ ဂါဘရီရယ်ဟာ ဒီနေ့မှာပဲ အာဆင်နယ်အသင်းနဲ့ ဆေးစစ်မှုတွေကိုပါ ခံယူသွားတော့မယ်လို့ သိရှိရပါတယ်။

Photo Credit : Sky Sports

အသက်(၂၂)နှစ်အရွှယ် ဘရာဇီးဗဟိုနောက်ခံကစားသမား ဂါဘရီရယ်ဟာ ဒီနှစ်ရာသီမှာ လိုင်လီအသင်းအတွက် ခြေစွမ်းကောင်းတွေ ပြသလို့ထားပြီး အသင်းကိုလည်း ပြင်သစ်လီဂူး အမှတ်ပေးဇယားရဲ့ အဆင့်(၄)နေရာထိ ရောက်ရှိအောင် စွမ်းဆောင်ပေးထားနိုင်ခဲ့ပါတယ်။ ဒါကြောင့် သူ့ကို ဥရောပကလပ်အသင်းပေါင်းများစွာကနေ စိတ်ဝင်စားလာခဲ့တာဖြစ်သလို ကစားသမားကိုယ်တိုင်ကလည်း လိုင်လီကနေ ထွက်ခွာချင်နေတာကြောင့် ဒီနွေစျေးကွက်မှာပဲ နာပိုလီ အာဆင်နယ် အဲဗာတန်နဲ့ မန်ချက်စတာယူနိုက်တက်အသင်းတို့ကနေ အပြိုင်ကမ်းလှမ်းခဲ့ကြပြီး ဂါဘရီရယ်ကတော့ အာဆင်နယ်ကိုပဲ ပြောင်းရွှေ့ကစားဖို့ကိုသာ ရွေးချယ်ခဲ့ပါတယ်။

Photo Credit : Youtube

Duncan Castles သတင်းမီဒီယာရဲ့ဂျာနယ်လစ်တစ်ဦး ဖော်ပြချက်အရ ဂါဘရီရယ်ဟာ အာဆင်နယ်အသင်းနဲ့ (၅)နှစ်စာချုပ်ဆိုမှာဖြစ်ပြီး ကိုရိုနာဗိုင်းရပ်စ်ပြသာနာကြောင့် အာဆင်နယ်အသင်းတည်ရှိရာ လန်ဒန်မြို့အထိ ဆေးစစ်မှု ခံယူခြင်းကို လုပ်ဆောင်မှာမဟုတ်ပဲ ပြင်သစ်နိုင်ငံအတွင်းမှာ ဆေးစစ်မှုတွေ လုပ်ဆောင်သွားမှာလို့ သိရှိရပါတယ်။ ဒါ့အပြင် အာဆင်နယ်အသင်းနဲ့ ပူးပေါင်းတော့မယ်ဆိုရင်လည်း အင်္ဂလန်နိုင်ငံအတွင်း ဝင်ရောက်ပြီဆိုတာနဲ့ Quarantine (၁၄)ရက် ဝင်ရဦးမှာဖြစ်လို့ လာမယ့်(၂၉)ရက်နေ့ ဝင်ဘာလေကွင်းမှာ ယှဉ်ပြိုင်ကစားရမယ့် လီဗာပူးလ်အသင်းနဲ့ ကွန်မြူနတီဒိုင်းပွဲကို သေချာပေါက်လွဲချော်ရနိုင်တဲ့အပြင် အသင်းနဲ့ ပူးပေါင်းတာ ရက်ပိုပြီးနောက်ကျမယ်ဆိုရင် ပရီးမီးယားလိဂ်အဖွင့်ပွဲကိုပါ လွဲချော်ရနိုင်ပါတယ်။ အာဆင်နယ်အသင်းဟာ အခုနွေစျေးကွက်အတွင်းမှာ ချယ်လ်ဆီးအသင်းရဲ့ဝါရင့်ဘရာဇီးတောင်ပံကစားသမားကြီး ဝီလီယံကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူထားခဲ့ပြီး ဂါဘရီရယ်ကို ခေါ်ယူပြီးရင်တော့ ရီးရဲလ်မက်ဒရစ်ကနေ အငှားနဲ့ခေါ်ယူထားတဲ့ စီဘယ်ယို့စ်ကို နောက်တစ်ရာသီလောက် ထပ်မံငှားရမ်းဖွယ် ရှိနေသလို တိုက်စစ်မှူးအူဘာမီယန်းကိုလည်း စာချုပ်ချုပ်ဆိုတော့မှာလည်းဖြစ်ပါတယ်။