ပရီးမီးယားလိဂ် နာမည်ကြီးအသင်း တသင်း ဖြစ်တဲ့ အာဆင်နယ်အသင်းရဲ့ အဓိက နောက်ခံလူ တဦး ဖြစ်သူ ဂါဘရီရယ်ကတော့ သူတို့အသင်းရဲ့ နည်းပြဖြစ်သူ အာတီတာဟာ ထိပ်တန်းနည်းပြ တဦး ဖြစ်ကြောင်းနဲ့ ကစားသမားတွေဟာ အာတီတာရဲ့ လက်အောက်မှာ ပျော်ရွှင်နေကြောင်း ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

အသက် ၂၃နှစ် အရွယ် ဘရာဇီးလ် နောက်ခံလူ ဂါဘရီရယ်ဟာ ၂၀၂၀ နွေရာသီ အပြောင်းအရွှေ့ကမှ ပြင်သစ်ကလပ် လိုင်လီအသင်း ကနေ အာဆင်နယ်အသင်းထံ ပြောင်းရွှေ့ကြေး ယူရို ၂၆သန်းနဲ့ ပြောင်းရွှေ့လာသူ ဖြစ်ပြီး အသင်းအတွက် ပြိုင်ပွဲစုံမှာ ၃၅ပွဲအထိ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၃ဂိုး အထိ သွင်းယူထားနိုင်ကာ ဂိုးဖန်တီးမှု ၁ကြိမ် ပြုလုပ်ထားနိုင်သူပါ။

Photo Credit: Express

ဂါဘရီရယ်ဟာ အာဆင်နယ်အသင်းထံ ရောက်ရှိပြီး မကြာခင်မှာပဲ အသင်းရဲ့ ကစားကွက်နဲ့ အံဝင်ခွင်ကျ ဖြစ်ခဲ့သလို စွမ်းဆောင်ရည်ကောင်းတွေကိုလည်း ပြသနိုင်ခဲ့တာကြောင့် အာဆင်နယ်အသင်းရဲ့ မရှိမဖြစ် နောက်ခံလူ တဦး ဖြစ်လာပြီး သူ မပါဝင်နိုင်တဲ့ ပွဲစဉ်တွေမှာ အာဆင်နယ်အသင်းရဲ့ ခံစစ်ကြောင်းဟာ အားနည်းမှုတွေ ရှိခဲ့ပါတယ်။

လက်ရှိမှာတော့ ဂါဘရီရယ်ဟာ ကြံ့ခိုင်မှု ပြန်လည် ပြည့်ဝနေပြီး နောက်ခံလူသစ် ဘန်ဝှိုက်နဲ့ ပူးပေါင်းကာ အာဆင်နယ်အသင်းရဲ့ ခံစစ်ကြောင်းကို ဦးဆောင်နေကာ နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာတော့ ဂါဘရီရယ်က အာတီတာနဲ့ အာဆင်နယ် ကစားသမားတွေ ကြားထဲမှာ ရှိတဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေး အကြောင်းကို ထုတ်ဖော် ပြောကြားရင်း အာတီတာကို ချီးကျူးခဲ့ပါတယ်။

Photo Credit: Express

ဂါဘရီရယ်က – “အာတီတာက သူ့ရဲ့ ကစားသမားတွေနဲ့ နည်းပြအဖွဲ့ဝင်တွေကို အမြဲတမ်း အားပေးလေ့ ရှိတဲ့ ထိပ်တန်းနည်းပြ တဦးပါ။ သူက ခက်ခဲတဲ့ အချိန်တွေမှာ ကျွန်တော်တို့ကို အမြဲတမ်း အားပေးခဲ့သလို သူ့လို နည်းပြတယောက်ကို ရထားတဲ့ အတွက် ပျော်ရွှင်မိပါတယ်။ ကျွန်တော် သူ့ဆီကနေ အများကြီး သင်ယူခဲ့ရတယ် ဆိုတာ သံသယဖြစ်စရာ မရှိပါဘူး။ သူက ကျွန်တော်တို့ ကွင်းထဲမှာ ခြေစွမ်းပြနိုင်အောင် ကူညီပေးတယ်။ အသင်းရဲ့ ကစားပုံနဲ့ ပတ်သတ်ပြီး ဘယ်လိုလုပ်ရမယ် ၊ ဘယ်လို ကစားရမလဲ ဆိုတာကိုလည်း သင်ပေးတယ်။ သူက ကျွန်တော်တို့ကို သင်ကြားပေးသလို အသင်းကို အကောင်းဆုံး ဖြစ်အောင် ဘယ်လိုလုပ်သင့်လဲ ဆိုတဲ့ မေးခွန်းကို မေးပြီး ကျွန်တော်တို့ဆီက အကြံဉာဏ်ကို တောင်းခံလေ့ ရှိပါတယ်။ ကျွန်တော်တို့နဲ့ သူ့ရဲ့ ကြားမှာ ရှိတဲ့ ဆက်ဆံရေးကလည်း အရမ်း ကောင်းပါတယ်။ ကျွန်တော်တို့တွေ သူ့အတွက် ပေးဆပ်ဖို့ အဆင်သင့်ပါပဲ” လို့ ထုတ်ဖော် ပြောကြားခဲ့တာပါ။