MySport Myanmar

မန်စီးတီးကို အိမ်ကွင်းကနေ စောင့်နေမယ်လို့ သတိပေးလိုက်တဲ့ ဂါဘရီယဲလ်

အာဆင်နယ်အသင်းရဲ့ ဘရာဇီးလ် နောက်ခံကစားသမား ဂါဘရီယဲလ် မာဂါဟေ့စ်က မန်စီးတီးနဲ့ အာဆင်နယ်တို့ Etihad ကွင်းမှာ ထိပ်တိုက် တွေ့ဆုံခဲ့တဲ့ ပွဲစဉ်အတွင်း စီးတီးအသင်းရဲ့ နောက်ကျချေပဂိုးကြောင့် နိုင်ပွဲရမယ့် အခွင့်အရေးကနေ လက်လွတ်ခဲ့ရပေမယ့် သူတို့ရဲ့အိမ်ကွင်း Emirates မှာ မန်စီးတီးကို စောင့်နေမယ်လို့ သတိပေး ပြေဆိုလိုက်ပါတယ်။

ဒီရာသီထဲ ပထမဆုံးအကြိမ် တွေ့ဆုံမှုအဖြစ် မန်စီးတီးနဲ့ အာဆင်နယ်တို့ အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ရာ ဟာလန်းက ဦးဆောင်ဂိုး သွင်းယူခဲ့ပေမယ့် ကာလာဖီအိုရီက ပြန်ချေပပြီး ဂါဘရီယဲလ်က ပြန်ဦးဆောင်ခဲ့ကာ ပွဲပြီးခါနီး မိနစ်ပိုင်းလေးမှာပဲ ဂျွန် စတုန်းစ်က အဖိုးတန် ချေပဂိုးကို သွင်းယူနိုင်ခဲ့ပါတယ်။

 

Photo Credit :  Football London

ဒီပွဲမှာ အာဆင်နယ်က ကာလာဖီအိုရီ ဂါဘရီယဲလ်တို့ ဂိုးတွေနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့်လည်း ပထမပိုင်း ပြီးခါနီး လီအန်ဒရို ထရော့ဆာ (၂)ဝါ(၁)နီနဲ့ ထုတ်ပယ်ခံလိုက်ရတာက အာဆင်နယ်အတွက် ထိုးနှက်ချက် ဖြစ်သွားစေရပြီး ဒုတိယပိုင်း တစ်ပိုင်းလုံးမှာ ခံစစ်ကိုသာ ဦးစားပေး ကစားခဲ့ရပါတယ်။

တကယ်တော့ အာဆင်နယ်က Etihad ကွင်းမှာ အိမ်ရှင် မန်စီးတီးကို အနိုင်မရသေးတာ နှစ်အတန်ကြာခဲ့ပြီဖြစ်ပြီး ဒီအစဉ်အလာဆိုးကြီးကိုလည်း ချိုးဖျက်နိုင်မယ့် အခွင့်အရေးတစ်ခု ပိုင်ဆိုင်ခဲ့ပြီးခါမှ ပွဲပြီးခါနီး ချေပဂိုးကြောင့်သာ လက်လွတ်ခဲ့ရတာ ဖြစ်ပါတယ်။ ဒီပွဲအပြီးမှာ အာဆင်နယ် နောက်ခံကစားသမား ဂါဘရီယဲလ်က “ကျွန်တော်တို့တွေ မန်စီးတီးအသင်းကို အိမ်ကွင်းကနေ စောင့်နေပါတယ်။”

Photo Credit : SPORTbible

“ဟာလန်း ကျွန်တော့်ကို လုပ်ခဲ့တာနဲ့ ပတ်သက်ပြီးတော့လား သူ ဘာလုပ်ခဲ့လဲ ဆိုတာကိုတောင် ကျွန်တော် မမှတ်မိတော့ဘူး။ ဒါက သာမန်ကိစ္စပါပဲ။ နောက်ဆုံးမိနစ်မှာ ဂိုးသွင်းနိုင်ခဲ့တာဆိုတော့ သူတို့တွေ ပျော်နေကြမှာ။ သူတို့က အိမ်ကွင်းမှာ ကစားရတယ်။ နိုင်ပွဲအတွက်ကို ဦးတည်လာတယ်။ ကျွန်တော်တို့အသင်းကလည်း အကောင်းဆုံး ခုခံကစားနိုင်ခဲ့တယ်။”

“တိုက်ပွဲတစ်ပွဲလို စစ်ပွဲတစ်ပွဲလို ပြင်းထန်နေတဲ့ ဘောလုံးပွဲထဲမှာ ရန်စတဲ့ အပြုအမှုတွေ ရှိနေတာကလည်း ဖြစ်ရိုးဖြစ်စဉ်ပါပဲ။ ဒါက ဘောလုံးပွဲတစ်ပွဲရဲ့ အစိတ်အပိုင်း တစ်ခုပါပဲ။ အခုတော့ အားလုံးက ပြီးသွားပါပြီ။ ကျွန်တော်တို့ အိမ်ကွင်းမှာ သူတို့အသင်းကို စောင့်နေပါမယ်။” လို့ ပြောဆိုသွားခဲ့ပါတယ်။

Exit mobile version